Friday, November 13, 2009

အပြာရောင်ဖိနပ်ပိုင်ရှင် - အပိုင်း (၂)



၁။ အပြာရောင်ဖိနပ်ပိုင်ရှင် - အပိုင်း (၁)


အပြာရောင်ဖိနပ်ပိုင်ရှင် - အပိုင်း (၂)


(၉)

ပြာနေသော ကောင်းကင်မရှိတော့ပါ။ ညို့မှိုင်းနေသော တိမ်ညိုများနှင့် တသဲသဲကျနေသော မိုးစက်များဖြင့်သာ ပတ်ဝန်းကျင်တစ်ခုလုံးက ဆူညံပွက်ထနေ၏။ ငြိမ့်ခနဲ လှုပ်သွားသောကြောင့် ဘတ်စ်ကားထွက်သည်ကို သူ သိလိုက်၏။ စိုးရိမ်မှုစွက်နေသည့် မျက်လုံးများဖြင့် နဘေးသို့ သူ ဝေ့ကြည့်လိုက်မိသည်။ အမဖြစ်သူ မသဒ္ဒါ၏ ပခုံးကို အသာခေါင်းမှေးတင်ရင်း ကော့ညွှတ့်သည် မျက်လွှာအစုံတို့ချကာ နေသည့် ဖိနပ်ပြာမမကို သူ မြင်နေရသည်။ မနက်က ဖယ်ရီကားနှင့် မလိုက်မိပဲ လိုင်းကားနှင့် သွားမိသော သူ့အဖြစ်ကို သူအံသြနေမိသည်။ နောင်တလည်း ရနေမိ၏။ လိုင်းကားဘတ်စ်ကို တွယ်စီးရင်း တပျစ်တောက်တောက် ပြောဆိုနေခဲ့သော ဖိုးကျော်ကိုသာ သူ ပြန်မြင်ယောင်နေမိသည်။ မင်း မသိလို့ပါ ဖိုးကျော်ရယ်ဟု စိတ်ထဲက တီးတိုး ဆိုလိုက်ရင်း သက်ပြင်းတစ်ခုကို ချလိုက်မိသည်။ တကယ်တော့ ဒီလို ခံစားမှုမျိုးကို သူ့အနေဖြင့် ယခင့်ယခင် မခံစားမိဖူးသည်ကတစ်ကြောင်း၊ ဖိနပ်ပြာကို ရင်မဆိုင်ဝံ့သည်က တစ်ကြောင်း (အဘယ်ကြောင့် ရင်မဆိုင်ဝံ့သည်ကိုလည်း သူ ကိုယ်သူ ယခုထိ မသိသေးပါ) မို့ ဒီမနက်က လိုင်းကားနှင့် သွားမိခဲ့ခြင်း ဖြစ်တော့သည်။

“ကျော် ... သက်သာရဲ့လား ... မိုးပက်မယ်ဆို ကားတံခါးပေါက်ကို ပိတ်လိုက်မယ်လေ ....”

သဒ္ဒါက သူမ ၏ လက်ဖ၀ါးအစုံတို့ကို ညင်သာစွာ ဆုပ်ကိုင်ရင်း လေသံတိုးတိုးဖြင့် အသာအယာ လှမ်းမေးလိုက်သည်ကို သူ မြင်နေရ၏။ အဖြူရောင်ရှုဆေးဗူးကို ရှုနေရင်း သူမ ခေါင်းကို မသိမသာငြိမ့်ပြရင်း ဆက်လက်မှေးနေသည်။ သူ ကျော့်ကို အမှတ်မထင် ငေးမောကြည့်နေမိသည်။ ယခုကဲ့သို့ အားလျော့ နွမ်းလျနေသည့် မျက်နှာလေးသည်ပင်လျှင် ဖျော့တော့စွာ အရောင်တောက်၍ ကြည့်ကောင်းနေပေ၏။ ဟန်ချက်ညီသော နဖူးပြင်နှင့် မသိမသာပါးလျသယောင်သောင် မျက်ခုံးစတို့က လိုက်ဖက်လှသည်။ ငဲ့စောင်း ထားသော ဦးခေါင်းကြောင့် ဘက်တစ်ဖက်သို့ ၀ဲကျနေသော ဆံနွယ်မျှင်များကလည်း ကပိုကရိုနှင့် ကြည့်ကောင်းနေတော့သည်။ သူ့ရင်ထဲတွင် မောလျသလိုလို၊ အသက်ရှုမ၀သလိုလို ခံစားလာမိသည်။ မိုးစက်တို့က တစ်စတစ်စသည်းသထက် သည်းလာနေကြသည်။ ဘတ်စ်ကားသည်လည်း သက်ဆိုင်ရာ မှတ်တိုင်တို့တွင် အတင်အချပြုလုပ်ရင်း ပုံမှန်မောင်းနှင်လာသည်။ ဖိုးကျော်ကတော့ ဖိနပ်ပြာ၏ သူငယ်ချင်းမူမူတို့အဖွဲ့နှင့်အတူ ကျောင်းတွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။ သူ နှင့် မသဒ္ဒါသာလျှင် ဖိနပ်ပြာကို အိမ်လိုက်ပို့ရန် ထွက်လာခဲ့ခြင်းဖြစ်သည်။ စာသင်ချိန်များ မပြီးသေးပါ၊ ကျောင်းမဆင်းသေးသည်မို့ ဖယ်ရီကားများ ထွက်ရှိခြင်းမရှိသေးသဖြင့် ဖိနပ်ပြာကို လိုက်ပို့ရန် တက္ကဆီငှားဖို့ သူကြိုးစားခဲ့သေးသည်။ ဖိနပ်ပြာ၏ ငြင်းဆန်မှုကြောင့် ယခုလို ဘတ်စ်ကားနှင့် သာ ပြန်လာခဲ့ရခြင်းပင်။

အမှတ်မထင်တွေးရင်း ဖိနပ်ပြာဘက်သို့ တစ်ချက်ငဲ့၍ သူ ခိုးကြည့်လိုက်မိသည်။ အိုးးးး။ ချက်ခြင်းပင် သူ မျက်လုံးအစုံကို ဘတ်စ်ကားကြမ်းပြင်ဆီသို့ ပစ်ချလိုက်မိသည်။ ဖိနပ်ပြာ၏ မျက်ဝန်းတို့နှင့် သူ ပက်ပင်းတိုးမိသွားသောကြောင့်ဖြစ်သည်။ တတုန်ကယင်ရှိလှစွာသော ရင်အစုံက အသက်ရှုဖို့ မေ့နေသည့်အလား။ ခေါင်းကို ထပ်မံမော့၍ သူမကြည့်ရဲတော့ပေ။ အကယ်၍ သူ သာ အားတင်း၍ ဒုတိယအကြိမ်ကြည့်မိမည်ဆိုလျှင် ဖိနပ်ပြာခေါ် ကျော်၏ နွမ်းလျနေသော မျက်နှာနုနုထက်တွင် ပြေးနေမည့် အပြုံးယဲ့ယဲ့လေးကို သူ မြင်မိပါလိမ့်မည်။ သို့သော် သူ မကြည့်ဝံ့ခဲ့ပါပေ။ အယောင်ယောင်အမှားမှားဖြင့် အောက်ချထားသော လက်ကို ကားဘေးလက်ရမ်းပေါ်သို့ တင်လိုက်မိသည်။ သူ့ ဘေးတွင် ထိုင်နေသော အဒေါ်ကြီးတစ်ယောက်က ရုတ်တရက် သူ့အမူအယာကို ငဲ့စောင်းငဲ့စောင်းဖြင့် ကြည့်နေ၍ သူ့ဘေးတွင် ချထားသော သူ့လက်ကိုင်အိတ်ကိုလည်း နကိုမူလထက် ပို၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ ဖိနပ်ပြာ၏ လက်ဖ၀ါးနုနုကိုလည်း ဤသို့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ဖူးချင်မိသည်ဟု သူ့ စိတ်အတွင်းတွင် မဆီမဆိုင်တွေးနေမိသေးသည်။ ခပ်စောစောက ရပ်ခဲ့သော မှတ်တိုင်မှ တက်လာခဲ့သည့် ခရီးသည်တစ်ချို့က သူနှင့် ဖိနပ်ပြာအကြားသို့ ရောက်ရှိလာစဉ်မတော့ သူ၏ ခိုးကြောင်းခိုးဝှက်ကြည့်နေမိသည်အဖြစ်မှာ ရပ်တန်းက ရပ်သွားပါတော့၏။

“ကြားမှတ်တိုင် ပါလား ... ”

“ဟဲ့ နောင် နင် ကျော့်ကို လိုက်ပို့လိုက် ... ငါ မြို့ထဲမှာ ကော်ပီကူးထားတဲ့ စာအုပ်တွေ ဆက်သွားယူလိုက်ဦးမယ် ... ”

စပယ်ယာ၏ သတိပေးစကားကြောင့် သူ အပါအ၀င် ဘတ်စ်ကားပေါ်မှ လူတစ်ချို့ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ဖိနပ်ပြာသည် ကြားမှတ်တိုင်တွင် နေသည်မဟုတ်ပါလား။ ရပ်နေသည့် လူအုပ်ကြားမှ မသဒ္ဒါ၏ ခေါင်းကလေး ပြူထွက်လာကာ သူ့ကို လှမ်းသတိပေး၏။ မသဒ္ဒါ စကားကြောင့် သူ အနည်းငယ် တုန်လှုပ်သွားမိသည်။ ပြီးနောက် ခြေဖျားလက်ဖျားများ အေးစက်လာသလိုလည်း ခံစားမိ၏။ အမှန်အတိုင်း ၀န်ခံရမည်ဆိုလျှင် ဖိနပ်ပြာ၏အိမ်သို့ လိုက်ပို့ရမည်ကို ပျော်ရွှင်မိသော်လည်း စိတ်ထဲတွင် မ၀ံ့မရဲနှင့် ကြောက်ရွံ့နေမိပါ၏။ သူ စဉ်းစားနေမိသည်။ သူ့ သူငယ်ချင်း မိန်းကလေးများစွာတို့၏ အိမ်များသို့ သူ လည်ပတ်ရောက်ရှိဖူးပါ၏။ ကြိမ်ဖန်များစွာလည်း လိုက်ပို့ဖူးသည်။ သို့သော် ထိုအချိန်တို့က စိတ်တွင်းတွင် မည်သို့မျှ မရှိခဲ့။ ဘာမှ မဖြစ်။ ယခုက ထူးဆန်းလှချေ၏။ မိုးစက်တို့က တသဲသဲ ရှိနေရာမှ တဖွဲဖွဲအဆင့်သို့ လျှောကျသွား၏။ ကောင်းကင်တွင် တိမ်ညို တိမ်မည်းများအစား တိမ်ပြာများက တစ်စ တစ်စ ပြန်လည် နေရာယူလာကြသည်။ နေရောင်ခြည်က မပွင့်တပွင့်နှင့် ရှိနေသေးတော့၏။

“ဟဲ့ ကျော့်ကို ငါစိတ်ချမယ်နော် နောင်နောင် ... ”

သဒ္ဒါက လွှင့်ခနဲ ထွက်သွားသော ဘတ်စ်ကားပေါ်မှ လှမ်းအော်သွားခဲ့သည်။ သူ့လက်ထဲတွင်မတော့ မသဒ္ဒါ၏ ဖွင့်လျှက်သား ရောင်စုံခေါက်ထီးလေးတစ်ချောင်းနှင့် ထီးအောက်တွင် ဖိနပ်ပြာမလေး တစ်ယောက်။ အမိုးအကာမဲ့နေသော ဘတ်စ်ကား မှတ်တိုင်သည် ယခင်ကထက် ပို၍ ထူးခြားနေသယောင် ခံစားမိသည်။ ကားဂိတ်တွင် ရပ်လျှက် နှစ်ယောက်သား စကားမဆိုမိကြ။ ဖိနပ်ပြာက ခေါင်းကို ငုံ့ထား၏။ သူ စကားစပြောရန် ကြိုးစားသော်လည်း အသံက အဆုတ်အတွင်းမှ စုံကန်ထွက်လာကာ လည်ချောင်းဝတွင် တစ်ထောက်နေ၏။ သက်ပြင်းချမိမည်ကို ကြောက်မိသည်မို့ တုတ်တုတ်ပင်မလှုပ်ဝံ့။ တကယ့်တကယ်တမ်း ဤအဖြစ်က မိနစ်ပိုင်းမျှသာ ဖြစ်သော်လည်း သူနှင့် ဖိနပ်ပြာအဖို့မှာမူ နာရီပေါင်းများစွာကဲ့သို့ ထင်မှတ်မှားလျှက် ရှိတော့သည်။ ဟူးးးး ခက်လှချည့်။ နှစ်ဦးသား ရင်ခုန်သံများက ကြားနိုင်မည်ဆိုလျှင် ဘင်ခရာတပ်ဖွဲ့ပေါင်းများစွာ ချီတက်အင်အား ပြသကဲ့သို့ ရှိချိမ့်မည်။

“ မောင် .. မောင်လေး ... အား .. အားနာစရာကောင်းနေပြီ ... အမ အိမ်က ဟို့ရှေ့နားဆို ရောက်ပြီ ... ရပါတယ် ... ”

“ဟုတ် ... ဟုတ်.. ရပါတယ် အမ ကျော် ... အမမှာ ထီးမှမပါပဲဟာ ကျွန်တော် လိုက်ပို့ပေးပါ့မယ် ... မိုးက နည်းနည်း ရွာနေသေးတယ်ဗျ ...”

မူမမှန်သော အသံများ၏ ဂီတပါပေ။ ဖိနပ်ပြာက ဆိတ်ဆိတ်နေလျှက် အဆိုပြုလွှာကို လက်ခံလိုက်သည်။ ကောင်းကင်ပြင်တွင် တိမ်ညိုများ ပြေးလွှားနေသည်။ ဖြူသောတိမ်၊ ပြာသောတိမ်များက အချင်းချင်း လိုက်တမ်းပြေးတမ်းကစားနေ၏။ မြေသင်းရနံ့ကို စွတ်စိုစွာ ရှုရှိုက်နေရ၏။ သစ်ခက်သစ်လက်တို့နှင့် သစ်ရွက်တို့ အပေါ်တွင် မိုးစက်မှုံတို့က တင်ကျန်လျှက် တလက်လက်တောက်ပနေ၏။ လှလိုက်သည့်ဖြစ်ခြင်း။ ကိုယ်သင်းရနံ့လေး တစ်ခုကို အမှတ်မထင်စွာ ရှုရှိုက်နေရ၏။ ခြေလှမ်းများကို မမှား အောင်သာ ဂရုစိုက်နေမိသည်။ လျှောက်လှမ်းနေသော်လည်း ခြေအစုံတို့က မြေတွင် ထိနေသည်ဟု မထင်မှတ်မိ။ အလိုလို ရွေ့လျားနေသလိုလို၊ လွင့်မျောနေသလိုလို ခံစားရသည်။ မိုးစဲလေပြေတိုက်ခတ်မှုကြောင့် သူ့ဘေးမှ လျှောက်လှမ်းနေသည့် ဖိနပ်ပြာ၏ ဆံနွယ်လွင့်လွင့်တို့က သူ့ မျက်နှာသို့ ရံဖန်ရံခါ လာရောက်ထိခတ်သည်။ ထိုဆံနွယ်တို့ကို ပွေ့ယူနမ်းရှိုက်လိုက်ချင်မိသော စိတ်တို့ကို ထိန်းချုပ်ရင်း ခပ်မဆိတ်ပင် သူမ ဘေးအနားမှ လိုက်ပါ လျှောက်လာမိလေတော့သည်။

စံပယ်ပန်းပွင့်တို့၏ ရနံ့ကို ရုတ်ချည်း ရ၏။ စံပယ်ပန်းပင်တို့ဖြင့် ဖွေးဖွေးလှုပ်နေသော အိမ်မျက်နှာစာတစ်ခုရှေ့ မရောက်မှီ ခြေဆယ်လှမ်းအလိုခန့်တွင် ဖိနပ်ပြာ၏ ခြေလှမ်းအစုံတို့က တုံခနဲ ရပ်သွားသည်။ သူ ကပြာကယာရပ်လိုက်မိပြီး ခေါင်းငဲ့ကြည့်မိရာ ဖိနပ်ပြာက သူ့ကို မော့ကြည့်နေပါ၏။ ထို့နောက် သူမ ပြုံးပါ၏။ နှစ်လိုဖွယ်ရာ အပေါင်းနှင့် ပြည့်စုံ၍ ကျက်သရေ ရှိလှသော အပြုံးဟု မှတ်ချက်ပြုဖို့ရန်ပင် သူ မေ့နေမိ၏။ ကန္တာရတို့အလယ်တွင် အိုအေစစ်တစ်ခုအလား အေးချမ်းဆိတ်ငြိမ်သော အပြုံးဟု အသိအမှတ်ပြုဖို့ရာ သူ သတိမရမိပါ။ အပြုံးတစ်ခုတွင် နစ်မျောမိဖို့ လိုအပ်သော ပြင်ဆင်ချိန်ပင် သူ မရလိုက်ခဲ့ပါ။ စကားဆိုဖို့ ရာ ဝေးစွ သူ့ရှေ့မှ ဖိနပ်ပြာပျောက်ကွယ်သွားမည်ကိုပင် ကမ္ဘာပျက်တော့မည့်အလား သူခံစားရ၏။ ရှိစေတော့။ ယခုကဲ့သို့ သူ မိန်းမောကြည့်နေမိသည်ပင်လျှင် တစ်ဘက်သားအဖို့ အားနာစရာကောင်းလွန်းလှပေပြီ။ လေပြေအဝှေ့နှင့် ထိခတ်မိသော ဆည်းလည်းသံကလေးများကဲ့သို့ပင် ဖိနပ်ပြာ၏ စကားသံများက ညင်သာ နုညံ့၍ သာယာနာပျော်ဖွယ် ကောင်းလှတော့သည်။

“အိမ် ရောက်ပြီ မောင်လေး ... ရတယ် အမ ဆက်လျှောက်သွားလိုက်တော့မယ် ... လူလည်း နေကောင်းပါပြီ .. မောင်လေးကိုလည်း အားနာလိုက်တာ ... အခုလို လိုက်ပို့တာ အရမ်းကျေးဇူးတင်တယ်နော်”

“ဟုတ်ကဲ့ ရပါတယ်ခင်ဗျာ ... အပန်းမကြီးပါဘူး ... ကျွန်တော့်အမ သူငယ်ချင်းပဲဟာ ... ကျေးဇူးတင်စရာမလိုပါဘူးဗျာ ... ”

နှစ်ယောက်သား ပြုံးမိကြ၏။ ကောင်းကင်ကို အမှတ်မထင် မော့ကြည့်မိရာ သက်တန့်ရောင်စုံတစ်ခုကို လှမ်းမြင်ရ၏။ လှပသော ရောင်စုံခုနှစ်တန်းက ပြာလွင်စ ကောင်းကင်၏ တစ်ဖက်မိုးကုတ်စက်ဝိုင်းဆီသို့ ထိုးဆင်းလျှက်။ ကြည်နူးနှစ်သိမ့်မှုများက သူ့ထက်ငါ တိုးဝှေ့၍ ရင်ထဲသို့ ပြေးဝင်လာကြသည်။ ဤအချိန်လေး ပျောက်ဆုံးသွားမည်ကို သူ တွေးတောကြည့်ရုံဖြင့် လွန်စွာနှမြောနေမိတော့သည်။ စံပယ်ပန်းရနံ့တို့ကို ဆက်တိုက်ဆိုသလို သူ ရှုရှိုက်နေရ၏။ ခေါင်းကို ငုံ့ချမိလိုက်သည်တွင် သူ့ရင်အစုံကို လှုပ်ရှားစေခဲ့သော ဖိနပ်အပြာလေးက ရွံ့အစအနလေးများ ပေကျံစွန်းထင်းလျှက် ရှိနေ၏။ သူတယုတယနှင့် သန့်စင်ပေးချင်မိသည့် စိတ်ကို အလွန်ချုပ်ထိန်းရင်း သက်ပြင်းတစ်ခုကို မသိမသာ ချလိုက်မိသည်။ ဖိနပ်ပြာ လှည့်၍ ထွက်သွားလေပြီ။

ဟာတာတာနှင့် ကျန်ရစ်ခဲ့သော ရင်အစုံကို မည်သူသိမည်နည်း။ ပကျိပကျိနှင့် ငှက်သံလေးကို ကြားမိရာ သူ ခေါင်းမော့ကြည့်လိုက်မိသည်။ ရေစက်လက်နှင့် ရှိနေသော ပိတောက်ပင်အကိုင်းငယ်တစ်ခုတွင် စာကလေးမောင်နှံကို သူလှမ်းမြင်ရ၏။ သူ့အဖြစ်ကို ရယ်မောလှောင်ပြောင်နေရော့သည်လား မသိ။ အားကျမိသည်ကတော့ ဧကန်ဖြစ်တော့သည်။ သူ လှည့်ထွက်လာခဲ့သည်။ စိတ်တို့က ဖိနပ်ပြာထံပါးသို့သာ တွယ်ကပ်ရောက်ရှိနေသည်မို့ ခြေလှမ်းတိုင်းသည် အသက်မပါတော့သည့်အလား။ တဗွမ်းဗွမ်းနှင့် ရေအိုင်များ ထဲသို့လည်း ကွေ့မရှောင်မိပဲ ဒီအတိုင်းသာ လျှောက်နေမိသည်။ အော် ... အချစ်ဆိုသည်မှာ နွံအိုင်ဗွက်အိုင်များ အတွင်းသို့လည်း ကတ္တီပါ ဖိနပ်နှင့် လျှောက်လှမ်းစေနိုင်သည် မဟုတ်လား ... ။

“မောင်လေး နောင် နောင် ... ဟေ့ မောင်လေး ... ”

သဲ့သဲ့သော အသံကို ကြားမိ၍ ခဏမျှ နားစွင့်မိ၏။ နောက်ကြောင်းပြန် စီးရမည့် ဘတ်စ်ကားကို မျှော်ကြည့်နေမိရင်း သူမ အသံကို ကြားမိ၏။ စိတ်ထဲက ကြားမိသည်လား၊ အပြင်ဘက်က အသံလားေ၀၀ါး၍ ခွဲခြားမရ။ ဤမျှ စွဲလန်းမိသလားဟု ကိုယ့်ကိုကိုယ်ဆန်းစစ်ရင်း သူနဝေတိမ်တောင် ဖြစ်နေမိသည်။ သို့သော် အသံက တဖြည်းဖြည်းနှင့် ပီသ လာ၏။ တကယ့် အသံပါပဲကလားဟု တွေးမိသည်နှင့် ချာကနဲ ခေါင်းကို လှည့်ကြည့်မိသည်။ အို ... ဖိနပ်ပြာက ရယ်ကျဲကျဲနှင့် သူ့အရှေ့ ခြေနှစ်လှမ်းတွင် ရပ်နေသည်။ ရုတ်တရက်မို့သူ လည်း ကြောင် အအနှင့် ရှိနေသည်။ ၀တ္ထုတွေ၊ ဇာတ်လမ်းတွေထဲကလို ခွဲခွာဖို့ နှုတ်ဆက်အပြီးမှာမှ စိတ်ထိန်းမရ၍ နောက်ကြောင်းပြန်လှည့်ပြေးလာကြသလိုလား ဟု ကိုယ်လိုရာဆွဲတွေးရင်း စိတ်ကူးယဉ် နေမိသည်။ မဟုတ်ပါ။ သူ့ အတွေး တက်တက်စင် လွဲပါလေ၏။

“မောင်လေး အမကို လိုက်ပို့တာ အမ လွယ်အိတ်ပြန်မပေးလိုက်ဘူး ... လေ ”

“ဟာ ... ဟုတ်သား ... ”

သူ့မျက်နှာ ရေနွေးနှင့် ရုတ်ချည်းအပက်ခံလိုက်ရသလို ထူပူ၍သွား၏။ ကြည်နူးခြင်းမြောက်မြားစွာနှင့် ရင်ခုန်မှုများအကြား စီးဆင်းမြောပါမိရင်း အရာရာကို မေ့လျော့သွားမိသည့်အထဲ ဖိနပ်ပြာ၏ လွယ်အိတ်ကို ပြန်မပေးမိပဲ လှည့်ထွက်လာခဲ့ခြင်းပါပေ။ သူ ရှက်ကိုးရှက်ကန်းနှင့် အယောင်ယောင်အမှားမှား ပြုံးမိ၏။ မှန်ကြည့်နေမိသည့်အလား ဖိနပ်ပြာ၏ မျက်နှာနုနုထက်တွင်လည်း အလားသဏ္ဍာန်တူစွာ ထိုအပြုံးမျိုးကို မြင်တွေ့နေရသည်။ သူမ လည်း မေ့သွားသည်ကိုး။ ဟုတ်သည်။ ကားပေါ်မှ အဆင်း အမဖြစ်သူ သဒ္ဒါကမ်းပေးလိုက်သော ဖိနပ်ပြာ၏ လွယ်အိတ်ကို သူ အမှတ်မထင်လွယ်ထားမိလိုက်သည်မဟုတ်လား။ တကယ်တော့ စာအုပ်အနည်းငယ်သာပါသော သူ့လွယ်အိတ်ကို ဖိုးကျော်အား ပေးခဲ့မိသည်ကို သူ အမေ့ကြီး မေ့နေခဲ့သည်။ သို့သည်မို့ လွယ်ထားမိသည့် ဘေးလွယ်အိတ်ကို သူ့လွယ်အိတ်ဟုသာ သူ ထင်မှတ်ခဲ့မိသည်ပဲ။ အယောင်ယောင်အမှားမှားနှင့် ကမ်းပေးလိုက်သော သူ့လက်တို့ တုန်နေသည်ကို သိသိသာသာကြီး သတိပြုမိ၏။ ဖိနပ်ပြာကတော့ သူ့နှုတ်ခမ်းဖူးလေးကို လက်ဖြင့် အသာအုပ်ရင်း တခွိခွိရယ်နေရှာ၏။ ဤသို့ အယောင်ယောင် အမှားမှားများကြားမှ ဖိနပ်ပြာရယ်မောနေသည်ကို သူ ငေးမောကြည့်နေမိပါသေး၏။ ရယ်မောနေပုံသည်လည်း လှလွန်းနေသည်မဟုတ်လား။ ခပ်စောစောပိုင်းတုန်းက အားနည်းဖျော့တော့နေသော မျက်နှာဟန်လေး ကွယ်ပျောက်၍ ရွှင်ပြုံးရယ်မောနေသော သူမကို ကြည့်နေမိသည်မှာ သူ အသက်ပင်ရှုမိပါရဲ့လား မသိပါ။

“အမလည်း အခန်းထဲ ၀င်တော့မှ လွယ်အိတ်ချိတ်မယ် ဆိုတော့မှ သိလိုက်တာ ... စိတ်ကလဲ မေ့တတ်ပါတယ် ... ”

“ကျွန် ... ကျွန်တော်က ကျွန်တော့်လွယ်အိတ်နဲ့ မှားတာခင်ဗျ ... ”

“အင်းနော် ... လွယ်အိတ်ချင်းကလည်း တူနေတာကိုး ... ခစ်ခစ် ... ”

ဟုတ်သည်လေ တိုက်ဆိုင်စွာဖြင့် သူမ၏ ကချင်လွယ်အိတ် အနီကလေးနှင့် ကျွန်တော့်လွယ်အိတ်က အတူတူပင် ဖြစ်နေ၏။ ကျွန်တော်က ဒီကချင်လွယ်အိတ်အနီကို ဟိုးငယ်ငယ်ကလေးဘ၀၊ အထက်တန်း ကျောင်းသားဘ၀ကတည်းက မြတ်နိုးစွာဖြင့် စွဲစွဲလန်းလန်း ရှိခဲ့သူ။ အသည်းစွဲမဟုတ်လား။ ယခုတော့ သူမက ကျွန်တော့် အသည်းစွဲ လွယ်အိတ်အနီကလေးကို ရင်ခွင်တွင် ပိုက်ထားရင်း သဘောကျစွာ ရယ်မောနေတော့သည်။ နေရာချင်းလဲချင်မိတော့တာပဲ လွယ်အိတ်ကလေးရယ်ဟု စိတ်ထဲမှ တီးတိုး ဆိုလိုက်မိသည်။ ဖိနပ်ပြာကတော့ ရယ်မောနေတုန်းပင်။

“သွားတော့မယ် ... မနက်ဖြန် ကျောင်းတက်မယ် ဟုတ် ... ? ”

“ဟုတ် ... ကျွန်တော် တက်မှာပါ ... ”

“ဒါဆို တတာနော် မောင်လေး ... မနက်ဖြန် ဖယ်ရီပေါ်မှာ ဆုံမယ် .. တတာ ”

အပြန် သူ လိုက်ပါစီးနင်းလာသော ဘတ်စ်ကားက သိပ်ကို မြန်လွန်းနေသည်။ မြန်လွန်းသည်ဟု ထင်နေမိသည်လား။ ကိုယ့်အတွေးများနှင့် ကိုယ် ပြုံးတုံးတုံးရှိစွာဖြင့် ဘတ်စ်ကားပေါ် မတ်တပ်ရပ်နေမိသည်ကို ကားပေါ်မှ လူများက ကွက်ကြည့်ကွက်ကြည့် ရှိနေတော့သည်။ ဒါကိုလည်း သူ သတိမပြုမိပါ။ သူ့ အတွေးများထဲတွင်တော့ ရွံ့စများပေကျံနေသည့် ဖိနပ်အပြာကလေး၊ ရင်ခွင်တွင် ပိုက်ထားသော လွယ်အိတ်အနီလေး၊ နောက် ကိုယ်သင်းနံ့လေးတစ်ခု၊ အပြုံးလက်လက်တစ်စုံနှင့် ... ရင်ခုန်သံများ။ သူ ဘတ်စ်ကားပေါ်မှာ ဆင်းသွားသောအခါ ကားပေါ်တွင် ကျန်ရစ်သော ခရီးသည်များ စိတ်လက်ချမ်းသာစွာ ကိုယ်စီပေါ့ပါးစွာဖြင့် ဆက်လက် စီးနင်းလိုက်ပါသွားသည်ကိုလည်း သူ မသိတော့။ သူ သိနေသည်မှာ ... တစ်ခုတည်းသာ ဖြစ်၏။ ထို တစ်ခုတည်းသော အရာက “အချစ်” သာ ဖြစ်တော့၏။


******************* ******************* *******************

(၁၀)

“အဟား ... ဘယ်လိုဖြစ်ရတာလည်း မိကျော်ရယ် ...”

စိတ်ထဲက အထပ်ထပ်၊ နှုတ်ဖျားက အထပ်ထပ်ကို ရေရွတ်နေမိတော့သည်။ သူမကိုယ် သူမပဲ အပြစ် တင်ရမည်လား။ မည်သူ့ကို အပြစ်တင်ရမည်လဲ မသိတော့။ ညနေက လွယ်အိတ်ကို မေ့၍ ထွက်သွားမိသည့် ဖြစ်ရပ်ကြောင့် သူမ မျက်နှာသည် ယခု ပူပူနွေးနွေးဖျော်ထားသောကော်ဖီခွက်ထက်ပို၍ ပူနွေးနေခဲ့သည်လား။ သို့သော် ထူးဆန်းသည်က ဤမျှ ဂွတီးဂွကျ အခြေအနေမျိုး၌ သူမ စိတ်အနှောက်အယှက်မဖြစ်ခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ အရင်က သူမစိတ် ဤသို့ မဟုတ်ပါပေ။ သူငယ်ချင်းများ ဒါမှမဟုတ် အပေါင်းအသင်းများ အကြားတွင် တော်ရုံတန်ရုံ စိတ်အနှောက်အယှက်ဖြစ်စရာ ရှိသည်နှင့် သူမ မျက်နှာက ဆူပုတ်နေတတ်ခဲ့သည်။ ယခုကား ပြုံးလျှက်။ အယောင်ယောင် အကန်းကန်းနှင့် တုန်တုန်ရင်ရင် ရှိနေသည့် အထဲမှာမှ သူ့ မျက်ဝန်းတို့က နက်မှောင်စွာ ရွှန်းစိုနေခဲ့သေးသည်ပဲ။ ဟူးးးး။ လူစိတ်ဆိုသည်မှာ တယ်လည်း ခက်လှသည်ကိုး။ နေ့ခင်းတုန်းက ခံစားခဲ့ရသည့် အိပ်ရေးပျက်သည့် ဒဏ်ကို သတိမရတော့သည့်အပြင် ယခုစိတ်တို့က ပို၍လန်းဆန်းနေသယောင်ယောင်ပင် ရှိနေသေးတော့၏။ သူမ အခန်းဘေးဘီကို မသိမသာ ကြည့်လိုက်မိ၏။ ယခု ပြုံးနေမိသည့် ရှက်ပြုံးကို မည်သူများမြင်သွားမည်လဲ။ တစ်စုံတစ်ယောက်မျှ မရှိသည့် အဖြစ်ကို သိနေသည့်တိုင်အောင် ကြံဖန် စိုးရိမ်နေမိတော့သည်။

ဤအကြောင်းအရာနှင့် ထိပါးနီးကပ်စွာ စဉ်းစားတွေးတောမိတိုင်း ရင်ထဲတွင် လှိုက်လှိုက်မောမော ခံစားရ၏။ တကယ်ဆိုလျှင် သူမ မောပန်းခဲ့ပါ၏။ တာဝေးအပြေးသမားတစ်ယောက်ကဲ့သို့ မောလျနွမ်းဟိုက်နေပါ၏။ ယခင့်ယခင်က စွဲလန်းခြင်း၊ သာယာခြင်း။ တွယ်တာခြင်း စသည့် စသည့် စကားလုံးဝေါဟာရများက သူမနှင့် အလှမ်းဝေးစွာ တစိမ်းပြင်ပြင် ရှိနေခဲ့ပါ၏။ ရုပ်ရှင်၊ ၀တ္ထု၊ ကဗျာ၊ မဂ္ဂဇင်း စသည်တို့တွင်လည်း ထိုအကြောင်းအရာ ထိုပါဒများကို သူမ ကြိမ်ဖန်များစွာ ဖတ်ရှုခံစား နားလည်ကြည့်ခဲ့ဖူးသေး၏။ ပြောမယုံ ကြုံမှသိဟူသော စကားက ယခု သူမအတွက် ကွက်တိမှန်ကန်နေတော့သည်လား။ ထိုအတိုင်းဆိုလျှင် ယခု သူမ ကြုံနေရသည်လား။ နေ့ခင်းက ပစ်လှဲချင်အောက်အောင် အိပ်ချင်နေမိသည့်စိတ်များ၊ မောပန်းနွမ်းနယ်နေသည့် စိတ်များက ထူးဆန်းစွာ ပျောက်ရှသွားခဲ့ရသည်ပင်။ သူနှင့် အတူရယ်မောနေမိစဉ်က ထိုဝေဒနာများကို အသိစိတ်တွင် မှတ်သားခံစားမိဖို့ရာ ဝေလာဝေး၍ ကြည်နူးခြင်းများကိုပင် ခံစားရလိုက်သေး၏။ ဤ အရာကား “အချစ်” ပင်ဖြစ်တော့သည်ဟု သူမကိုယ် သူမ ၀န်ခံလိုက်ဖို့ကိုတော့ ရှက်ရွံ့နေမိသည်မှာ သေချာသည်။ ဒါက စိတ်လှုပ်ရှားမှု တစ်ခုပဲ ဖြစ်မှာပါလေဟု ပေါ့ပေါ့ပါးပါး ထားလိုက်ဖို့ရာကိုလည်း တွန့်ဆုတ်နေမိပြန်သေး၏။ MP3 player လေးကို သူမ ဆွဲယူလိုက်ပြီး နားကြပ်ကို အကျအန တပ်ဆင်လိုက်သည်။ ထို့နောက် play ခလုတ်ကလေးကို လက်ချောင်းကလေးများဖြင့် ထိခတ်လိုက်သည်တွင် အဆိုတော် အဲလက်စ်၏ သီချင်းက တိုးတိုးလျလျ ပေါ်ထွက်လာသည်။

“အချစ်ဆိုတာ ထူးဆန်းလွန်းပါတယ် ... တို့ ဆုံလာခဲ့တဲ့ ခဏလေးဝယ် ... .... .... ”

တလှပ်လှပ်တုန်နေသော ရင်တို့က ကော်ဖီတို့ကြောင့် ဖြစ်ပါစေဟုသာ သူမ ဆုတောင်းမိသည်။ သီချင်းထဲလိုပင် ထို “အချစ်”သည် တကယ်ပင် ထူးဆန်းလွန်းပါသလား။ သူမအတွက် ကတော့ ထိုအရာသည် မယုံကြည်နိုင်ဖွယ်၊ နားမလည်နိုင်ဖွယ် အချင်းအရာတစ်ခုအဖြစ် သူမ ရှေ့သို့ ရောက်ရှိနေခဲ့ပါပြီ။ ခဏ အကြာတွင် သက်တောင့်သက်သာရှိစွာ အိပ်မောကျသွားလိမ့်မည်ဟု သူမ ယုံကြည်နေ၏။ သီချင်းတစ်ပုဒ် တည်းကိုသာ Repeat လုပ်ထားသောကြောင့် အထပ်ထပ်ဖြစ်နေမည့် သီချင်း၏ စာသား၊ အဓိပ္ပါယ်တို့က သူမ၏ နှလုံးသားကို ကျက်မှတ်နေစေလိမ့်မည်။ ထိုအခါ၌ သူမ အိပ်မက်တို့သည် ထူးဆန်းအံဖွယ်ကောင်းလှသော အရာတို့ဖြင့်သာ အတိပြီး၍ ပြည့်လျှံနေမည်ဟုသာ ... ။ သူမ အိပ်ခန်းအပြင်ဘက်တွင် မတော့ အိပ်မောကျနေသော ညနှင့် သင်းပျံနေသော စံပယ်ရနံတို့သာလျှင် ရှိနေတော့၏။

******************* ******************* *******************

(၁၁)

သူ့ စကားအဆုံးတွင် ဖိုးကျော်က တဟားဟား အော်၍ ရယ်မောလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ဖိုးကျော် မရယ်ခဲ့ပါ။ ညနေက အဖြစ်အပျက်ကို သူ ပြောပြနေမိတော့ ဖိုးကျော်က အလေးအနက်နားထောင်နေသည်။ ယခု စကားဆုံးသော်လည်း စဉ်းစားခန်းဝင်နေဟန် ရှိ၏။ ပြီးမှ ခေါင်းကို တဆတ်ဆတ်ငြိမ့်ရင်း သောက်လက်စ လက်ဖက်ရည်ခွက်ကို မော့သောက်နေလေသည်။ သူကတော့ ဖိုးကျော်ထံမှ ထွက်လာမည့် ထင်မြင်ချက်၊ မှတ်ချက်ကိုသာ မျှော်လင့်နေမိသည်။

“ကောင်းတယ် ... ရယ်စရာကောင်းတဲ့ လွဲချော်မှု ဖြစ်ပေမယ့် အချစ်ဆိုတာကို ခံစားရတဲ့အခါ အဲလို အဖြစ်အပျက်မျိုးက ရှိနေတတ်တယ် ... ရှိနေရမယ်ကွ ”

“ဟင် ... မင်းစကားကလည်း နားလည်အောင် ရှင်းပြစမ်းပါ ... ”

“ဒီလို ရှိတယ် ငနောင် ... အချစ်ဆိုတာ ဘာလဲတော့ ငါလည်းမသိပါဘူး ... ဒါပေမယ့် သူ့ကို ခံစားမိတဲ့အခါတိုင်းမှာ လူက တိုင်ပင် (Timing) အောက် သွားတတ်တယ် ... အဲခံစားမှုပေါ်မှာ နစ်ဝင်သွားတာနဲ့တပြိုင်နက် အဲဒီ့လူက ပုံမှန်လည်ပတ်နေတဲ့ အကြောင်းအရာတွေထဲကနေ ဖယ်ခွာထွက်သွားတတ်တယ် ... ဥပမာကွာ ဖိနပ်ပြာရဲ့ လွယ်အိတ်ကို မင်းလွယ်အိတ်လို့ ထင်နေမိတာမျိုး၊ ဖိနပ်ပြာက သူ့လွယ်အိတ်ကို ယူဖို့ မေ့သွားတာမျိုးပေါ့ ... ”

“အင်း နည်းနည်း နားလည်လာသလိုပဲ ... ဆက်ပြော ... ”

ဖိုးကျော်က ဆေးပေါ့လိပ်ကို အငွေ့တထောင်းထောင်း ထ အောင်ဖွာရှိုက်လိုက်ပြီး ညင်ညင်သာသာ မှုတ်ထုတ်ရင်း ဆက်ပြောသည်။

“အလွဲတွေလေ ... အလွဲတွေပေါ့ ... အဲဒါလိုတယ် ... ”

“ငါ သိချင်တာက မနေ့က မင်းနဲ့ ကျန်ရစ်ခဲ့တဲ့ သူ့ သူငယ်ချင်းတွေဆီက သူ့အကြောင်းကို ပြောပြကွာ ... ”

ဖိုးကျော်ပြောနေပုံကို သူ ငေးကြည့်နေမိရင်း အချစ်ဇာတ်လမ်းရုပ်ရှင် ၀တ္ထုများမှ ဇာတ်ကောင်ကို ဇာတ်ပို့သူငယ်ချင်းများက အချစ်ကိစ္စနှင့်ပတ်သက်၍ ၀ိုင်းဝန်းမြှောက်ပေးတတ်သည်ကို သတိရမိ၏။ ထုံးစံအားဖြင့် ဇာတ်ကောင်ကို သူ၏ သူငယ်ချင်းများက စားသောက်ဆိုင် သို့မဟုတ် လက်ဘက်ရည် ဆိုင်တစ်ဆိုင်တွင် ကျွေးမွေးပြုစုခိုင်းခြင်းဖြင့် ဤသို့သော အခန်းမျိုးကို ဖန်တီးထားတတ်သည်မဟုတ်လား။ ယခုလည်း ထိုအခန်းမျိုးဖြင့် ခပ်ဆင်ဆင်လာတူနေသည်ကို တွေးမိသဖြင့် သူ့မျက်နှာမှာ ပြုံးယောင်ယောင် ဖြစ်လာမိ၏။ ဇာတ်လမ်းတွေထဲတွင် ထိုသူငယ်ချင်းများပြောသော စကားများကို ဇာတ်ကောင်က နားထောင်၍ ထိုသြ၀ါဒများအတိုင်း တသွေမတိမ်းလိုက်လုပ်တတ်သည်မဟုတ်ပါလား။ ဖိုးကျော် ပြောနေသည်များကို သူ နားထောင်နေမိသည်။ ဖိနပ်ပြာ၏ အကြောင်းကို သူ သိချင်နေမိသည်မို့လေ။ နေ့လည်က သူမ၏ သူငယ်ချင်းများနှင့် ကျန်ရစ်နေခဲ့သော ဖိုးကျော်ထံမှ သူမနှင့် ပတ်သက်သော အကြောင်းအရာများကို စိတ်ဝင်စားနေမိသည်။

“သူ့ သူငယ်ချင်းတွေက တအားခင်ဖို့ကောင်းတယ် ... မျက်နှာလည်း ပြောင်တယ် ငါ့ အတိုင်းပဲဟေ့ ... မင်း ဖိနပ်ပြာကို လိုက်ပို့တော့ ငါနဲ့ အဖွဲ့ကျပြီး ကျန်နေရစ်ခဲ့တာ ... ရယ်နေရတယ် ဟေ့ကောင်ရ ... မူမူဆိုတဲ့ အမကြီးက ပိုမျက်နှာပြောင်တယ် အစလည်း တယ်သန်သကိုး ... ငါ့တောင် ဖြုံတယ် သူ စနောက်တာက ... ”

“မင်းအတွက်တော့ ငါ စုံစမ်းခဲ့ပါတယ် ဖိနပ်ပြာအကြောင်းကို ... ”

ပြုံးရင်း နားထောင်နေမိရာက ဖိုးကျော်ဖက်ကို ငဲ့ကြည့်လိုက်မိသည်။ ဖိုးကျော်က နေ့လည်က အဖြစ်အပျက်များကို ပြန်လည်မြင်ယောင် ကြည့်နေဟန်ဖြင့် ရယ်မောစွာ ပြောပြနေသည်။ တစိမ်းတရံများနှင့် အသားတကျရှိဖို့ရန်အတွက် အချိန်အနည်းငယ်ပေးရုံမျှဖြင့် လုံလောက်သော ဖိုးကျော်၏ အရည်အချင်းကို သူ လေးစားအသိအမှတ်ပြုရစမြဲ။ သူကတော့ ဤ သို့မဟုတ်။ အေးစက်စက် အမူအရာကို အလိုလိုပိုင်ဆိုင်နေသူမို့ သူ့အတွက်ကတော့ ခက်ခဲလှသည်။ စကားကိုလည်း ဖိုးကျော်ကဲ့သို့ စည်စည်ကားကား ပတ်ပတ်ရွှန်းရွှန်း မဆိုတတ်ပါ။ ထို့အပြင် ဖိုးကျော်က စာတိုပေစ၊ ကဗျာတို ၀တ္ထုတို စသည်အားဖြင့် ရေးခြစ်တတ်သူ။ သူကတော့ ကဗျာမဆိုထားနှင့် ၀ါကျတစ်ကြောင်းကိုပင် ဖတ်ကောင်းအောင် စီမံဖို့ ခက်ခဲလှသည် မဟုတ်လား။ ဤသို့အားဖြင့် ဖိုးကျော်သည် အမြဲတစေ သူ၏ တိုင်ပင်အားကိုးရာ အချစ်ဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်လာခဲ့ရတော့သည်။

“မင်းရဲ့ ဖိနပ်ပြာက ရယ်ခဲ၊ ပြုံးခဲ သတဲ့၊ နောက်စွာလည်း စွာတယ်တဲ့။ မူမူတို့ စရင်တောင် သိပ်မရယ်ပဲ ပြုံးပဲ ပြုံးတယ်၊ သူတို့ကတောင် ပြောနေသေးတယ် ရမည်းသင်းမြို့စား သီလ၀နဲ့ တူဝရီးတော်တယ်ဆိုလား ဘာလား ... ”

“ငါနဲ့ ဆုံတုန်းကတော့ ရယ်နေလိုက်တာ တခွိခွိနဲ့ပဲ ... ”

“အဲဒါ ... ငါ ပြောချင်တာ အဲဒါ ... ”

ပြောနေရင်းက ရုတ်တရက် ထ အော်လိုက်သော ဖိုးကျော်အသံကြောင့် သူ လန့်သွားမိ၏။ ဖိုးကျော်ကို ကြည့်လိုက်မိတော့ သူ့ဘက်သို့လှည့်ကာ မျက်လုံးပြူးကြီးများဖြင့် ကြည့်နေသည် မြင်ရ၏။ ဘာမှားလို့ပါလိမ့်ဟု သူ့ကိုယ်သူ တွေးမိရင်း ဖိုးကျော်ကို လက်ကာပြလိုက်မိသည်။ ဟုတ်သည်လေ။ သူပြောနေသည့် စကားမှာ ဖိနပ်ပြာရယ်မောသည် ဆိုသည့်အကြောင်းက လွဲလို့ မှားစရာ တစ်ခုမှ မရှိပဲကလား။ သူက ဖိုးကျော်ကို မေးဆတ်ပြလိုက်သည်။ ဆိုလိုသည့်အဓိပ္ပါယ်မှာ ဆက်ပြောဟူ၍။

“အေး ... အဲလို ရယ်ခဲ ပြုံးခဲတဲ့ မိန်းကလေးကို ရယ်အောင်လုပ်နိုင်တာ ... အဲမိန်းကလေးရဲ့ စိတ်ဝင်စားမှုကိုရဖို့အတွက် လှမ်းတဲ့ ပထမ ခြေလှမ်းကွ ငတုံးရ ... ”

“သြော် ... ဂလိုကိုး ... ”

သူ့ စိတ်ထဲတွင်မတော့ သူ့ကိုယ်သူ ကြိတ်ဂုဏ်ယူမိသည်လား၊ ဘာလား မသိတော့။ ဖိုးကျော်စကားအရဆိုလျှင် သူ့၏ မနေ့က အမှား (ဖိုးကျော်စကားအရ အလွဲ) သည် ဖိနပ်ပြာ၏ စိတ်ဝင်စားမှုကို ရယူနိုင်သည့် အနေအထားဖြစ်နေတော့သည်။ ဒီလိုဆို မဆိုးပါဘူးဟု သူ့ကိုယ်သူ တွေးလိုက်မိသည်။ စိတ်ထဲတွင်တော့ ခိုးလိုခုလု ဖြစ်နေမိသည်က အမှန်ပင်ဖြစ်သည်။ ဤသို့ ကမောက်ကမ နိုင်စွာသော ဖြစ်ရပ်တို့ဖြင့် အချစ်က တည်ရှိနေသည်လား။ ဖြစ်နိုင်ပါသည်။ ထိုအရာ ရင်ထဲသို့ ၀င်ရောက်လာပြီးသည်မှ ပြောင်းလဲစပြုလာနေသော သူ၏ စိတ်နှင့် အမူအယာတို့က သက်သေခံနေသည် မဟုတ်ပါလား။ သို့သော် သူ ဖတ်ဖူး၊ မှတ်ဖူးသော အချစ်တို့၊ အချစ်ဇာတ်လမ်းတို့သည် အနုအရွ၊ အလှအပများ၊ အဖွဲ့အနွဲ့တို့ဖြင့်သာ ရွှန်းရွှန်းဝေ နေတတ်ခဲ့သည်ပဲ။ ပြောနေရင်းက အသိစိတ်အာရုံတွင် ရွှံ့စကလေးများးပေကျံနေသည် ဖိနပ်ပြာပြာကလေးကို မြင်ယောင်လာမိသည်။ တခစ်ခစ်ရယ်နေသော ဖိနပ်ပြာကိုလည်း မြင်ယောင်လာမိပြန်၏။ မဖြစ်နိုင်ပါဘူး သီလ၀မြို့စားနဲ့ တူမရီးတော်တာဟု သူ တွေးရင်း ပြုံးနေမိသေး၏။ သီလ၀ ဆိုတာက တစ်သက်မှာ သုံးခါပဲ ပြုံးရယ်တာမဟုတ်လား ဖိနပ်ပြာရယ်။

သူနှင့် ဖိုးကျော် လက်ဖက်ရည်ဆိုင်မှ ထပြန်လာတော့ မိုးတော်တော် ချုပ်နေခဲ့ပြီ။ ဖိနပ်ပြာ အကြောင်းကို တွေးရင်း အိမ်ပြန်လာခဲ့မိ၏။ ညနေက သည်းထန်စွာရွာသွန်းခဲ့သော မိုးကြောင့် တိမ်ဆိုင်များ ကုန်ခန်းသလောက်ရှိခဲ့သည်မို့ ည၏ ကောင်းကင်ပြင် က ကြယ်တာရာများနှင့် စုံခ လို့နေ၏။ လွင့်ပျံ့လာသော လေပြေတွင် ရနံသဲ့သဲ့တို့ ပါလာ၏။ ညမွှေးပန်းရနံသာ ဖြစ်ပါ၏။ သို့သော် သူမ၏ ကိုယ်သင်းရနံလေးကိုသာ ရနေမိသည်။ ဖိနပ်ပြာနှင့် ဆုံရမည့် မနက်ဖြန်ကိုသာ သူ မြန်မြန်ရောက်ချင်တော့သည်။ ဒီညကို အိပ်မှ ပျော်ပါ့မလားဟု သူ့ကိုယ်သူ တွေးရင်း စိတ်မောနေမိသည်။ သူ လမ်းလျှောက်လာရင်းက ခေါင်းကိုမော့၍ သီချင်းတစ်ပုဒ်ကို တီးတိုး ဆိုညည်းမိသည်။

“အချစ်ဆိုတာ ... ထူးဆန်းလွန်းပါတယ် ... တို့ဆုံလာခဲ့တဲ့ ခဏလေးဝယ် ... ကိုယ်မြတ်နိုးလွန်းတော့ကွယ် ... xxxx ... ..... ”

တကယ်ပဲ အချစ်ဟာ ထူးဆန်းလွန်းသည်လားလေ ... ။


[ဆက်ရန်]

Tuesday, November 10, 2009

အပြာရောင်ဖိနပ် ပိုင်ရှင်







အပြာရောင်ဖိနပ် ပိုင်ရှင်

(၁)

လွင့်လွင့် တက်လာသော တိမ်ဖြူများကို ငေးစိုက်ကြည့်နေမိသည်။ နေရောင်ခြည်က ဖျော့တော့စွာစိုက်ဆင်း နေ၏။ သူ၏ အသက်ရှုနှုန်းများက ပုံမှန်မဟုတ်ပဲ ထူးခြားနေသည်ကို သူကိုယ်သူ သတိထားမိ၏။ ပထမဆုံး ကြုံတွေ့ ရမည့် အတွေ့အကြုံလေမို့လား။ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်တော့ ၀တ်ဆင်ထားသည့် လည်ကတုံး အဖြူရောင်ရှပ်အင်္ကျီ၊ အညိုရောင်ယောပုဆိုးနှင့် စီးနင်းထားသော ကတ္တပါဖိနပ်။ အင်း မဆိုးလှပါဘူးလို့ သူ့ ကိုယ်သူ အားပေးရင်း သက်ပြင်းတစ်ခုကို ခပ်ဖွဖွချလိုက်သည်။ အရင်ကဆို ဒါကို သူ အိပ်မက်တစ်ခုလို အမြဲတမ်း မက်ခဲ့သူ ဖြစ်သည်။ တကယ့်တကယ်တမ်း ထိတွေ့ရမည်ဆိုတော့ မယုံကြည်နိုင်စွာ သူ စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။ မေမေကတော့ မနက်ရုံးမသွားခင် သူ၏ ပြာယာခတ်နေပုံကို တစ်ချက်ဝေ့ကြည့်ရင် ပြုံးသွားခဲ့သည်ပဲ။ မေမေ အပြုံးများတွင် ဂုဏ်ယူဝံကြွားသော အရိပ်လက္ခဏာများနှင့် ပြည့်လွှမ်းနေသည်ကို သူ ပီတိဖြစ်စွာ မြင်ခဲ့ရ သည်။ သူ လွယ်အိတ်ကို တင်းတင်းဆုပ်ရင်း နာရီကို ငုံ့ကြည့်မိသည်။ ဖိုးကျော်လည်း မလာသေး ပါကလား။ သက်ပြင်းတစ်ခုကို ထပ်မံချလိုက်၍ သူ ဂဏာမငြိမ်ဖြစ်နေမိသည်။ ထိုအခိုက်မှာပင် တိုက်အောက်မှ ဖိုးကျော်၏ ခေါ်သံကို သူကြားလိုက်ရတော့သည်။

သူ တိုက်ပေါ်မှ ကမန်းကတမ်းဆင်းလာသည်ကို ဖိုးကျော်က ပြုံးပြီး ကြည့်နေသည်။ ဘာကြောင့် ဖိုးကျော် ပြုံးကြည့်နေသည်ကို သူ သဘောပေါက်မိသည်။ ဖိုးကျော်က ဂျင်းဘောင်းဘီအပြာလွင့်လွင့်ကို ထုံးစံမပြတ်ဝတ်ဆင်၍ စပို့ရှပ်အနီစင်းကို ခပ်ရိုးရိုးပင်ဝတ်ဆင်ထားသည်။ ဒါက သူ့ ၀တ်နေကျပုံစံ။ သူက ဤသို့ ၀တ်စားဆင်ယင်မှုပုံစံကို သဘောကျသော်လည်း တကယ်တကယ်တမ်းဝတ်ဆင်နေမိသည်က လည်ကတုံး၊ ပုဆိုးနှင် ညှပ်ဖိနပ်သာ။ သူ၏ အယူအဆအရ လူ၏အရှိန်အ၀ါကို ၉၀ ရာခိုင်နှုန်းတောက်ပြောင်စေသည်က အ၀တ်အစားပင်ဖြစ်သည်ဟူ၍။

“ဖယ်ရီက ဘယ်မှာ ရပ်မယ်တဲ့လည်း ဖိုးကျော် ... ”

သူ မေးလိုက်သည်ကို ဖိုးကျော်က ဆေးလိပ်မီးညှိနေရင်းမှ ငဲ့ကာကြည့်သည်။ သူ၏ အမေးကိုချက်ခြင်းမဖြေပဲ ဆေးပေါ့လိပ်ကို အငွေ့တထောင်းထောင်းထအောင် ဖွာရှိုက်လိုက်ပြီးမှ မခို့တရို့အပြုံးနှင့် ပြန်ဖြေသည်။ ဤသည်မှာ သူ့ သူငယ်ချင်း ဖိုးကျော်၏ မူလစတိုင်ပင်ဖြစ်သည်။ သူနှင့် ဖိုးကျော်က မတူခြားနားသော ပုံစံ ရှိသည်။ သူက အကြောင်းကိစ္စတစ်ခုဆိုလျှင် အနည်းငယ်ပြာယာခတ်တတ်၍ ဖိုးကျော်ကမူ အေးဆေးသော အမူအရာထားတတ်သည်။ သို့သော် ဖိုးကျော်နှင့် သူ သာ အခြားသော သူငယ်ချင်းများထက်ပို၍ အတွဲညီနေခဲ့သည်မှာ အံသြစရာတစ်ခုလိုဖြစ်နေသည်။

“ဈေးထိပ်က စည်ပင်တိုက်တန်းတွေ ရှေ့မှာလေ ငနောင် ... ”

ရပ်ထားသော BM ဖယ်ရီကားများကို သူလှမ်းမြင်နေရပြီ။ ဖယ်ရီထွက်မည့် အချိန်စောလွန်းနေသည်မို့လား မသိ ကားပေါ်တွင် စုစု စုစုနှင့် လူအနည်းငယ်သာ ရှိ၏။ သူ ကားပေါ်တက်ရန် ပြင်လိုက်စဉ် ဖိုးကျော်က သူ့လွယ်အိတ်ကို လှမ်းထိုးပေးရင်း ပြောသည်။

“ငနောင် မင်းကားပေါ်တက်နှင့် ငါ ဆေးလိပ်ကုန်အောင် သောက်လိုက်ဦးမယ် ... ”

သူ ဘတ်စ်ကား၏ ပထမတစ်ဆင့် ပေါ်သို့လှမ်းတက်လိုက်စဉ် အမှတ်မထင် လှမ်းမြင်မိသည်က ဖြူဥဥ ခြေထောက်လေး တစ်စုံပင်ဖြစ်သည်။ ထိတ်ခနဲ ဖြစ်သွားသော ရင်ကို မသိကျိုးကျွံပြုရင် နောက်တစ်ဆင့်သို့ တက်လိုက်သည်။ သူ၏ အမြင်အာရုံထဲ တွင် ပြာလွင်လွင်အဆင်းရှိ ညှပ်ဖိနပ်ကလေး တစ်စုံနှင့် ခြေထောက်ဝင်းဝင်းကလေးက က ထပ်မံပေါ်လာသည်။ သူ ကားအူကြောင်းမှ ဖြတ်သွားစဉ် စာစာ စာစာနှင့် မိန်းကလေး အသံတစ်ချို့က ပွက်ကနဲညံသွားသည်။ သူ မကြည့်မိပဲ ကားနောက်ပိုင်းရှိ လွတ်နေသော ထိုင်ခုံတစ်ချို့တွင် ၀င်ထိုင်လိုက်မိသည်။ သူ့ ကားပေါ်သို့ ရောက်ပြီး တစ်အောင့်အကြာတွင် ဖိုးကျော်လည်း အနောက်ဘက်ကားတံခါးပေါက်မှ လိုက်တက်လာသည်။ ဖိုးကျော်၏ လွယ်အိတ်ကို သူ ထိုးပေးလိုက်ရင်း မသိမသာ မျက်လုံး ဝေ့၍ ကားရှေ့ခန်းသို့ ကြည့်မိသည်။ ထိုင်နေသော မိန်းကလေး လေးယောက်တွင် တစ်ယောက်သည် အပြာရောင် ဖိနပ်ပိုင်ရှင်ဖြစ်မည်ကို သူသိသော်လည်း သူ ဆက်မကြည့်ဝံ့ပါ။ ထူးထူးခြားခြား ဤ ဖိနပ်ပြာလေးနှင့် မို့ဖောင်းနေသော ခြေဖမိုးလေး များကိုသာ မြင်ယောင်နေမိသည်မို့ ဖယ်ရီကား ထွက်လာသည်ကိုပင် သူ သတိမထားမိပေ။

******************* ******************* *******************

(၂)


ဖယ်ရီက မြို့တွင်းမှ တဖြည်းဖြည်း ဖဲ့ခွာကာ မြို့ပြင်သို့ သွားရာလမ်းကြောင်းပေါ်သို့ ဦးတည်မောင်းနှင်နေပြီ။ ဖိုးကျော်က သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးညည်းရင်း သူ့ဘေးမှ လိုက်ပါလာသည်။ တစ်ချက်တစ်ချက် ထိုင်နေသော ကျွန်တော့်ကို လှမ်းကြည့်ပြီး မျက်စိမှတ်ပြလိုက်၊ မျက်နှာရိပ်မျက်နှာကဲ ပြလိုက်နှင့် မျက်နှာပြောင်နေသည်။ ဖိုးကျော်ဆိုလိုသည်ကိုလည်း သူ သဘောပေါက်စွာဖြင့် ပြုံးနေလိုက်မိ၏။ ဖယ်ရီကား၏ ဘေးပေါက်မှ တရိပ်ရိပ်ပြေးလွှားကျန်ရစ်နေသော တိုက်တာ၊ သစ်ပင်၊ အဆောက်အအုံတို့ကို ကြည့်နေသော်လည်း မြင်နေမိသည်က ဖိနပ်အပြာလေးသာ။ ဖယ်ရီဘတ်စ်ပေါ်တွင် တဖြည်းဖြည်းလိုက်ပါစီးနင်းသူ များလာသည်ကိုလည်း သူ သတိမပြုမိ။ စိတ်အလျဉ်တို့က ဟိုဟိုဒီဒီနှင့် ရှိနေစဉ် ရုတ်တရက်ညင်သာနုညံ့ ၍ တစ်စုံတစ်ရာ ဆွဲဆောင်မှုရှိသော အသံလေးကို ကြားလိုက်ရသည်။

“ဒီမှာ ... မောင်လေး ... ”

အသံကြားရာဆီသို့ သူ ကမန်းကတမ်း မော့အကြည့်တွင် ကော့ညွှတ်နေသောမျက်တောင်များကြားမှ နက်မှောင်ရွှန်းလဲ့သော မျက်ဝန်းတစ်ခုနှင့် ပက်ပင်းတိုးမိ၏။ သူ၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး ထိုအကြည့်နက်နက်တို့နှင့် ရင်ဆိုင်နေရမှုကို ရှောင်လွှဲရန် ခေါင်းကို ငုံလိုက်မိသည်။ အို ... ။ ဖိနပ်အပြာလွှင်လွှင်လေး။ စောစောက သူ၏ အာရုံတွင် ထင်ဟပ်နေခဲ့သော ဖိနပ်အပြာလေးနှင့် ဆင်စွယ်ရောင်ခြေဖမိုးပိုင်ရှင်က သူ၏ ရှေ့တွင် ရောက်ရှိနေသည်ပဲ။ ကစင့်ကလျားနှင့် တိမ်းပါး လှုပ်ရှားသွားသော သူ့၏ စိတ်တို့ကို ရုတ်ချည်းစုစည်းခြင်းငှာ မတတ်စွမ်းနိုင်ပါပေ။ ဖိနပ်အပြာ ပိုင်ရှင်က သူ့ရှေ့မှ ထွက်ခွာမသွားပဲ ရပ်တန့်နေခြင်းကိုက သူ၏ ဆောက်တည်ရာမဲ့မှုကို ဆက်လက်စီးမျောစေသည်။

“ဒီမှာ ... မောင်လေး ... ဒီမှာ ... မင်းကို ခေါ်နေတာကွ ... ”

“ငနောင် မင်းကို ခေါ်နေတာ ထူးလိုက်လေ ဘာကိစ္စလဲမှ မသိတာ ... ”

မာဆတ်ဆတ်အသံငယ်၏ အဆုံးတွင် ဖိုးကျော်၏ အသံသြသြက ကပ်လျှက်လိုက်ပါလာသည်။ သူ ဒုတိယအကြိမ် မော့ကြည့်မိ၏။ သွယ်လျသော မျက်နှာပြင်ထက်တွင် နက်မှောင်သော မျက်ခုံး၊ ကော့ညွှတ်သောမျက်တောင်များကြားမှ တစ်စုံတစ်ရာရွှန်းလဲ့နေသော မျက်ဝန်းများ။ ဖြောင့်စင်းသောနှာတံနှင့် ပါးလျ၍ နှင်ဆီဖြူအဖူးတစ်ခုသဏ္ဍာန် နှုတ်ခမ်းတစ်စုံ။ ၀ဲကျနေသော ဆံနွယ်တို့က တလူးလူးတလွန့်လွန့်နှင့်။ သူ၏ စိတ်သည် ထိုအရာများကြားတွင် အသံစိုးစေ့မျှမမြည်လေပဲ ထပ်မံနှစ်မြုပ်ပြန်လေ၏။ လှလိုက်တာ။ ဤမျှသာ သူ မှတ်ချက်ပြုကာ အသိနှင့် ခန္ဓာကို ကပ်စေရန် တွန်းထိုးလှုပ်ရှား၍ ကြိုးစားလိုက်သည်။ အသားတကျ ပုံမှန်ပြန်လည်ပတ်လာသော အခါ ဤ အဖြစ်အပျက်က စက္ကန့်ပိုင်းမျှသာ ဖြစ်ပါစေဟု သူ မလုံမလဲ ဆုတောင်းလိုက်မိသည်။

“ဟုတ် ... ဟုတ် ပြောပါခင်ဗျာ ... ”

“နောင်စိုးငယ်ဆိုတာ မင်းလား .... ”

“ဟုတ်ပါတယ် ကျွန်တော်ပါ ... ”

တင်းရင်းနေသော မျက်နှာက အနည်းငယ်ပြန်ဖျော့သွားသည်။ ဖိနပ်ပြာပိုင်ရှင်က သူမလွယ်အိတ်ထဲမှာ စာအုပ်တစ်အုပ်ကို လျှင်မြန်စွာ ထုတ်ရင်း သူ့ထံသို့ လှမ်းပေးလိုက်သည်။ ကားနောက်ပိုင်းတွင် လိုက်ပါလာသောသူများအားလုံး၏ အကြည့်တို့က သူနှင့် ဖိနပ်ပြာပိုင်ရှင်တို့ထံတွင်သာ ရစ်ဝဲနေသည်ကိုး။

“မင်း အမက သူကျောင်းကို တန်းသွားနှင့်မယ် ဖယ်ရီမစီးတော့ဘူးတဲ့ ... အဲဒါ သူ့ Text book စာအုပ်ကို မင်းကို ပေးလိုက်ပါတဲ့၊ ယူသွားပြီး ပေးလိုက်နော် မောင်လေး။ အမက အချိန်ရမှာ မဟုတ်လို့ နို့မဟုတ်ရင် အမကိုယ်တိုင် သွားပေးပါတယ် ...။ ဒီစာအုပ်ကို မင်းပဲ ယူသွားပြီး သဒ္ဒါကို ပေးလိုက်နော် ... ”

“ဟုတ် .. ဟုတ်ကဲ့ ... ”

သူ စာအုပ်ကို လှမ်းယူမိသည်မှာ တည်တည်ငြိမ်ငြိမ်လား၊ အယောင်ယောင်အမှားမှားလား သူ့ကိုယ်သူပင် မခွဲခြားနိုင်တော့။ သူ့ရှေ့မှ လွှင့်ကနဲပျောက်ကွယ်သွားသော မျက်နှာလေးက သူ၏ အာရုံပေါ်တွင် တငြိမ့်ငြိမ့် ပေါ်နေသည်။ အသက်ရှုများမှားနေသည်လား၊ မှန်နေသည်လား သိရန်မလိုပါပေ။ သတိထားမိသည်မှာ မောင်းနှင်နေသော ဖယ်ရီဘတ်စ်က လိုအပ်သည်ထက် ပို၍ မြန်နေသလိုလိုပင်။ သူ့ဘေးမှ မျက်ဝန်းပေါင်းများစွာကွ အားကျသည့် အရိပ်အယောင်များဖြင့် ပြည့်လျှမ်းနေသည်။ ထိုအထဲတွင် ဖိုးကျော်၏ မျက်လုံးပြူးကြီးများ ပါဝင်နေသည်မှာလည်း အသေအချာပင်။ ကောင်းကင်အပြာ ... တိမ်များက အဖြူ။ ထိုထက် တစ်ဆင့်ပို၍ဆိုလျှင် ဖိနပ်အပြာလေးနှင့် ခြေဖမိုးဖြူဖြူလေးသာ ... ။


******************* ******************* *******************

(၃)

ကတုန်ကရင်နှင့် ဖြစ်နေသော သူ့ပုံစံကို သူမ ပြန်မြင်ယောင်နေသည်။ အဖြူရောင်လည်ကတုံးနှင့် ဟပ်စပ်သော အညိုရောင်ယောပုဆိုး။ သူမ၏ ဖေးဘရိတ်ဝတ်စားဆင်ယင်မှု။ သူ့ကို သတိထားမိသည်မှာ ကားပေါ်သို့ စတက်လာစဉ်ကတည်းက ဖြစ်သည်။ မူမူတို့ ပြောနေလက်စ စကားပေါ်တွင် သူ့အာရုံတို့ကို ဖြန့်ကျက်ထားသော်လည်း ရုတ်ခြည်းဆိုသလို အနောက်ဘက်အပိုင်းသို့ လျှောက်သွားသော သူ့ဆီ၌သာ အာရုံတို့က ကပ်လိုက်ပါသွားသည်။ သဒ္ဒါနှင့် ဖုန်းပြောစဉ်က သဒ္ဒါပြောလိုက်သော စကားတစ်ခွန်းကို သူမ ပြန်ကြားယောင်လာမိသည်။ “ဟဲ့ ငါ့မောင် ၀တ်စားဆင်ယင်တဲ့ ဒီဇိုင်းက နင့်ဖေးဘရိတ်ဒီဇိုင်းပဲနော် သူ့ကို မြင်တာနဲ့ နင် တန်းသိမှာပါဟာ” တဲ့။ နောက်တော့ နံမည်ပြောသည်။ အဲနောက်တွင် သူမ ဘာဆက်ပြောလိုက်မိသည်ကို သူမ ဘာသာသူမ ပြန်မမှတ်မိတော့။

သူ့ကို ခေါ်လိုက်စဉ်က အသံတို့ကို မတုန်ရင်ရအောင် အကြိမ်ကြိမ် စိတ်အတွင်းမှ လေ့ကျင့်နေမိခဲ့သည်။ သို့သော် တကယ်တမ်းခေါ်သည့်အထိ မူမမှန်သည်ကို သူမဘာသာ သူမ အသိဆုံးသာ။ အမှတ်မထင် မော့ကြည့်သော ခပ်မှောင်မှောင် မျက်ဝန်းနက်များကို သူမ ရှုတည်တည် ခပ်တင်းတင်းကြည့်ပစ်မိခဲ့သော်လည်း အားနည်းနေသလို ထင်နေမိဆဲ။ ကားအနောက်ခန်းသို့ အလိုလို တိမ်းစောင်းလာသော ဦးခေါင်းကို သူမ၏ စိတ်များဖြင့် အကြိမ်ကြိမ်ဆွဲလှည့်ပစ်ခဲ့သည်ကိုလည်း မူမူတို့ တစ်သိုက် မရိပ်မိခဲ့။ မူမူတို့ကို လှည့်ဖျား၍ ရခဲ့သော်လည်း သူမ လှည့်ဖျားခြင်းမပြုနိုင်ခဲ့သည်မှာ တုန်ရင်နေသော သူမရင်အစုံနှင့် တဒိတ်ဒိတ်ခုန်နေသော ရင်ခုန်သံများကိုသာဖြစ်သည်။

ကားအနောက်ဘက်ဆီမှ ခပ်သဲ့သဲ့လွှင့်တက်လာသော အသံများအကြားတွင် သူ့အသံများပါလာလေမည်လား သူမတွေးတောနေမိသည်။ အို ... ဘာဆိုင်လို့တုန်း။ စိတ်အာရုံကို မူမူပြောနေသည့် ၀ိုင်းကျူရှင်ကိစ္စဆီသို့ ပြန်လည်နေရာချထားလိုက် သော်လည်း နကိုမူလလို စိတ်၏ တည်ငြိမ်မှုကို သူမ ပြန်မရတော့။ ဖယ်ရီဘတ်စ်ကားက ကျောင်းဂိတ်ဝမှ တစ်ဆင့် ကျောင်းဝင်းထဲသို့ မောင်းဝင်လာနေပြီ။ ခဏအကြာတွင် ဂိတ်ဆုံး၍ သက်ဆိုင်ရာအခန်းဆီသို့ သွားရပေတော့မည်။ သက်ပြင်းတစ်ခု ကို မသိမသာ ခိုး၍ ချလိုက်သည်။ သူမ၏ အခင်ဆုံး သူငယ်ချင်းဖြစ်သူ မူမူက သူမကို မျက်စောင်းတစ်ချက်ဝေ့ကြည့်လိုက်သည်။ မူမူ့အကြည့်က သူမရင်ထဲသို့ ထိုးခွင်း၍ ကြည့်သည်လားဟု ထင်မှတ်မှား၍ အလန့်တကြားဖြစ်သွားမိ၏။ သို့သော် သူမ စိတ်ထင်တာပဲဖြစ်မှာပါလေဟု ကိုယ့်ကိုယ်ကိုယ်တွေးရင်း လက်ထဲမှ မှတ်စုစာအုပ်ကိုသာ မဲ၍ ကြည့်နေလိုက်တော့၏။ “ဒီနေ့ ကျောင်းက Fresher အသစ်ကလေးတွေ ဖယ်ရီပေါ် ပါလာတယ်နော် ... ” ဟူသော မူမူ့အသံကမူ သူမ နားထဲမှ မထွက်တော့ပေ ... ။


******************* ******************* *******************

(၄)

“သူတို့က ဒေး ဖြစ်မယ် ... ”

အဝေးသင်အနီးကပ်အတန်းများ၏ အခန်းပေါက်စေ့ကို စုံစေ့အောင် လျှောက်အပြီးတွင် ထွက်လာသော ဖိုးကျော်၏ စကားဖြစ်သည်။ သူကတော့ ရှာချင်သေးသည်။ ဗိုက်ကို မကြာခဏ ပုတ်ပြနေသော ဖိုးကျော်ကို အားနာ၍သာ ကန်တင်းဘက်သို့ ထွက်လာခဲ့သော်လည်း သူ့စိတ်တို့က ကျန်ရှိနေသေးသော အခန်းများထံသို့သာ ပြန်, ပြန်ရောက်နေ၏။ ဤ ကျောင်းပတ်ဝန်းကျင်က သူ့အဖို့ အစိမ်းသက်သက်သာ။ ကျောင်းအပ်သည့် ကိစ္စ၊ အခြားသော ကိစ္စများနှင့် သူ မကြာခဏရောက်ခဲ့ဖူး သော်လည်း ဤသို့ ကိုယ်တိုင်ကျောင်းသားအသွင်ဖြင့် ရောက်ရှိခြင်းမှာ ပထမဦးဆုံးသာဖြစ်၍ အရာရာက သူ့အတွက် အသစ်အဆန်းချည့်ပင်ဖြစ်နေတော့သည်။ မည်သည့် ပတ်ဝန်းကျင်နှင့်မဆို ခဏတာအတွင်း အသားတကျ ရှိလေ့ရှိထ ရှိသော ဖိုးကျော်ကို ပုတ်သင်ညိုဟု ကျွန်တော် မကြာခဏနောက်ပြောင်ကျီစယ်လေ့ ရှိသည်။ ယခုလည်း သူ့ကို အားကိုးနေရခြင်းပါ။ ထမင်းကျွေးမည်ဟု အာမဘန္တေခံကာ ဖိုးကျော်နှင့် ရှာပုံတော်ဖွင့်ခဲ့ခြင်းသည်လည်း သူ၏ မဟာစွန့်စားမှု တစ်ရပ်ဟု ယူဆရ မည်လား။ ဖိုးကျော်ကတော့ တအံတသြနှင့် ရှိနေပါ၏။ ဤသို့သော အချင်းအရာကို ယခင်က တွေ့ဖူးခြင်း မရှိသည်မို့လေ။

ကန်တင်းများတွင် စားသုံးနေသူ ကျောင်းသားကျောင်းသူများဖြင့် တ၀ုန်းဝုန်းတရုံးရုံးနှင့် စည်ကားနေ၏။ နေ့တက်ဒေးကျောင်းသားများနှင့် အဝေးသင်အနီးကပ်ကျောင်းသားများ ဆုံသည့်ကာလမို့ ကျောင်းဝန်းအတွင်း ပို၍စည်ကားနေခြင်းဖြစ်သည်ဟု ဘေးဝိုင်းမှ စားသောက်နေသော ကျောင်းသားများပြောဆိုနေသံကို ကြားနေရ၏။ ဟုတ်လောက်ပါသည်။ သူ ယခု စားနေရသော ထမင်းနှင့် ဟင်းကို နာရီဝက်နီးပါးမျှ စောင့်လိုက်ရသည်မဟုတ်ပါလား။ နေ့လည်စာ စားအပြီးတွင် လုပ်ဆောင်ရန်ကိစ္စများက တန်းစီနေသည်။ အတန်းတစ်ချိန်တက်ရမည်။ စာအုပ်များထုတ်ရမည်။ ကျောင်းသာကဒ် ထုတ်ရမည်။ စသည် စသည် ... သို့သော် ဖိနပ်အပြာရောင်ပိုင်ရှင်ကိစ္စက လုပ်ရမည့်အရာများထက် အတွေးထဲတွင် စီနီယာယူနေသည်ကို သူ့ကိုယ်သူ အံသြနေမိသည်။ သူ စားသောက်ပြီးသော်လည်း ဖိုးကျော်က အရစ်ရှည်ချင်နေသေးသည်။ အအေးမှာသောက်ဦးမည် ဆိုပဲ။

“ဒီတစ်ခါ စားပွဲထိုးကို မမှာတော့ပါဘူးကွာ ... ငါကိုယ်တိုင် ပါဆယ်သွားယူမှာပါကွ၊ ငနောင် မင်းကလဲ ... တော်ရုံတန်ရုံပဲ ကောင်းတယ် ... နောက်နေ့လည်း တွေ့မှာပဲ ဥစ္စာ ... ”

ဖိုးကျော်ပြောတော့ သူ ရှက်သွားမိသည်။ အိုး ... ။ ဒီလိုကိစ္စမျိုးတွင် သူ အပြောခံရသည်မှာ ဒါပထမဆုံးပင်ဖြစ်သည်မဟုတ်လား။ သူ ရယ်ကျဲကျဲလုပ်ရန်သာ တတ်နိုင်လိုက်၏။ ဖိုးကျော်က ပြောရင်း ကန်တင်းရှိရာသို့ ထထွက်သွားတော့သည်။ ဖိနပ်ဆို၍ တာရာမင်းဝေ၏ ရွှေဖိနပ်တွင် အစိမ်းကြက်ခြေခတ်နှင့် ကောင်မလေး ၀တ္ထုကို ပြေးသတိရမိ၏။ ယခုမူ သူ့အတွက်က အပြာရောင်ဖြစ်နေ၏။ ထိုအချိန်တွင် နေက ကျဲကျဲပူနေပြီ။ သို့သော် ကောင်းကင်မှာ ပြာ၍ နေသေး၏။ မဆီမဆိုင် ပြာနေသော ကောင်းကင်ကို သူ ကျေးဇူးတင်လိုက်မိသည်။ သူမကို မတွေ့ရသော်လည်း ကောင်းကင်ပြာကို မြင်နေသေးသည်ဟု ဖြေသိပ်နေလိုက်မိသည်။ သြော် ... ဒီလိုပါကလား။ ရူးနှမ်းခြင်းဆိုသည်ကို တွေးမိ၍ တစ်ယောက်တည်း ကျိတ်၍ ပြုံးနေမိသည်။

“ဟေ့ကောင် ... ဘာတွေပြုံးနေတာလည်း လာသွားမယ် ထ ... ”

မထင်မှတ်စွာ ဗြုန်းကနဲပေါ်လာသော ဖိုးကျော်အသံကြောင့် သတိပြန်ကပ်လာ၏။ ဘေးမှ ဖြတ်သွားသော စားပွဲထိုးကို လှမ်းခေါ်၍ ကျသင့်သည်များကို ရှင်းပေးလိုက်သည်။ လွယ်အိတ်ကို ဆွဲကာ ထွက်လာသော်လည်း စောစောက လွတ်ထွက်သွားသော အတွေးစကိုသာလျှင် ဆွဲမိသည်။ သူ ဆိုင်အပြင်ရောက်ပြီးမှ သတိထားမိသည်။ သူ ထွက်လာစဉ် နဘေးမှ ဖြတ်ကာ ၀င်သွားသော ကျောင်းသူတစ်စုတွင် ဖိနပ်ပြာပိုင်ရှင်ပါသွားသည်မဟုတ်လား။ နာရီကို ကြည့်လိုက်မိတော့ နောက်တစ်ချိန်အတွက် ကပ်နေလေပြီ။ ဖိုးကျော်က ကိုင်းဘယ်လို လုပ်မလဲဟူသော မျက်နှာပေးနှင့် ရှိနေ၏။ ဤနေရာတွင်မှ လောလော လောလောနိုင်သော ဖိုးကျော်ကို ရုတ်တရက် ကျွဲမြီးတိုပစ်လိုက်မိသည်။

“ကောင်းရောဟေ့ ငါတို့ ထမှပဲ သူတို့ဝင်လာတော့တယ် ငါတို့အထကိုများ စောင့်ဝင်လာတာလား မသိဘူး ... ”

ပထမဦးဆုံးနေ့မို့၍လားပင်မသိ။ သူ ယခုမှ ထလာသော ဆိုင်သို့ ချက်ခြင်းပြန်ဝင်ဖို့ရန်ကို တွန့်ဆုတ်နေမိသည်။ သူ တင်မဟုတ် ဖိုးကျော်ပါ သူ့လို တွန့်ဆုတ်နေ၏။ ကန်တင်းနှင့် လမ်းမအကြား မြောင်းကူးတံတားပေါ်တွင် ချီတုံချတုံဖြစ်နေသော သူ နှင့် ဖိုးကျော်ကို ဘေးမှ ဖြတ်သွားသော ကျောင်းသားတစ်စုက ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြသည်။ ကြည့်မည်ဆိုလည်း ကြည့်လောက်ပါသည် ဤ တံတားကျဉ်းကျဉ်းတွင် နှစ်ယောက်သားပိတ်၍ ရပ်နေမိသည်ကိုး။ သူ လည်း ဘာဆက်လုပ် ရမည်ကို မသိတော့အောင် ဖြစ်သွားသည်။ ဟူး ... ။ သက်ပြင်းကို သိသိသာသာကြီး ချရသည်မှာ ခံစားမှုနှင့် အံအ၀င်ဆုံး ခွင်အကျဆုံး ဖြစ်နေ၏။ ဖိနပ်ပြာကို တွေ့ရန် ကျောင်းဝန်း တစ်ဝက်ကျိုးအောင် ပတ်ခဲ့ရသည်မဟုတ်လား။ ယခုတော့ တွေ့ပြီ။ သူ ဘာဆက်လုပ်ရမည်ကို အကြံအိုက်နေမိသည်။ ထိုအချိန်တွင် ဖိနပ်ပြာပိုင်ရှင်တို့ အဖွဲ့က ၀ိုင်းတစ်ဝိုင်းတွင် ရယ်ကာမောကာဖြင့် အစားအသောက်များကိုပင် မှာနေလေပြီ။ သူတို့ နှစ်ယောက်ကို လှမ်းကြည့်လျှင်ပင် မြင်နေနိုင်၏။ မြင်ရော မြင်နေပြီလား။ မြင်ပါစေဟု သူ ကျိတ်ဆုတောင်းမိသည်။

“အင်း ... ဘာဆက်လုပ်မလဲဆိုတာထက် လောလောဆယ် ငါတို့ ဟိုဘက်တံတားထိပ်ကို အရင် သွားမှ ဖြစ်မယ် ... နို့မဟုတ်ရင် ငါတို့တွန်းချခံရလိမ့်မယ်ကွ ... ”

ဖိုးကျော်က ပြောသည်ကို စိတ်ထဲမှ ချက်ခြင်းထောက်ခံလိုက်၍ တံတားထိပ်၊ လမ်းမဘက်အခြမ်းသို့ သူတို့ လျှောက်လိုက်ကြသည်။ နေက ကျစ်ကျစ်တောက်ပူမြဲ။ ကောင်းကင်တွင် တိမ်များ ရှိတော့သည် မရှိတော့သည်ကိုလည်း မသိတော့။ လောလောဆယ် ခေါင်းပူနေသည်ကိုသာ အာရုံရောက်နေမိသည်။ ထိုစဉ်လမ်းတစ်ဖက်မှ တစ်စုံတစ်ယောက်က လှမ်း၍ ရယ်မော လက်ပြကာ သူ ရှိရာဘက်သို့ လျှောက်လာ၏။

“ဟိတ် ... မောင်လေး ငနောင် ... ”


******************* ******************* *******************

(၅)

ဝိုင်းကျူရှင် ကိစ္စက မပြီးသေး ကန်တင်းအထိပါလာသည်။ ဘယ်ဆရာမက ကောင်းသည်၊ ဘယ်ကထိကက ကောင်းသည် စသည်ဖြင့် စကားသံတို့က ကျွက်ကျွက်ညံနေ၏။ ဗိုက်ကလည်း ဆာနေပြီ မနက်က စားခဲ့သည့် ပေါင်မုန့်မီးကင်နှင့် ကော်ဖီတို့က လည်း ဘယ်နံကြားကပ်လေသည်မသိ။ မရှိတော့။ မူမူက သူမကို မသိမသာ အကဲခတ်နေသည်ကိုတော့ သတိထားမိသည်။ အခန်းမှ ကန်တင်းထိ ထွက်လာအထိ ကစားလာခဲ့သော မျက်လုံးများက ကန်တင်းရောက်သည့်တိုင်အောင် ကစားနေမြဲ။ အို ... ငါ ဘယ်သူ့ကို ရှာနေမိတာလဲ။ ခေါင်းကို မသိမသာ ခါရမ်းလိုက်မိသည်။ ဒီအချိန် စာသင်ခန်းတစ်ခန်း၏ နေရာတစ်နေရာတွင် ထိုင်နေမည်လား။ သို့တည်းမဟုတ် အခြားဘက်အခြမ်းမှ ကန်တင်းများ၏ ၀ိုင်းတစ်ဝိုင်းတွင် သူငယ်ချင်း အဖော်များဖြင့် ရှိနေမည်လား။ ခေါင်းရှုပ်ပါ၏။ ဆက်မတွေးတော့ဟု ဆုံးဖြတ်ချက်ချကာ ရောက်လာကာစ ထမင်းပန်းကန်ကို သူ တစ်ဇွန်းခပ်စားလိုက်သည်။ အို့ ... ဤ မျှသာ အသံထွက်နိုင်တော့သည်။ ပူလိုက်သည့်ဖြစ်ခြင်း။

“ဟဲ့ နင် ဘာဖြစ်တာလဲ ကျော် ... ”

“ဘာ ... ဘာမှမဖြစ် ... ပူလို့ဟ .. လျှာကျက်သွားပြီထင်တယ် အဲ ... ရေပေးစမ်းပါ ... ”

ပူလွန်း၍ မျက်လုံးများပင် ပြာဝေသွားသည်။ သူမ ဤသို့ တစ်ခါမျှ မဖြစ်ဖူးပါပေ။ သည်ကြားထဲမှပင် မူမူ မေးသည်ကို မလွန်ဟု ကိုယ့်ကိုကိုယ် ထပ်တွေးနေမိသေး၏။ ရေကို တဂွပ်ဂွပ်သောက်ချလိုက်သော်လည်း ပူကျင်နေသေးသည် ဝေဒနာက လျှာပေါ်မှ ဆင်းမသွားသေးပါ။ ဘာမှလည်း ဆက်မစားနိုင်တော့။ ဖလူးဖလူးနှင့် ဖြစ်နေသော သူမကို သူငယ်ချင်းများက ၀ိုင်းကြည့်ရင်း ရယ်ရအခက် ငိုရအခက်ဖြစ်နေသေးတော့၏။ သက်သာသလို ရှိတော့မည့် အချိန်တွင် သူမ ခေါင်းကို မော့၍ ဘာမှ မဖြစ်သလို နေကြည့်လိုက်သည်။ အိုးးးး ... ။ မျက်ဝန်းနက်နက်တွေ ... ။ မျက်ဝန်းနက်နက်များ၏ ဘေးတွင် သူမ သူငယ်ချင်း သဒ္ဒါကို ရယ်ကျဲကျဲ အမူအရာနှင့် မြင်လိုက်ရသည်။ လူတစ်ကိုယ်လုံး တစ်ထိုင်တည်းတွင် ပျောက်ဆုံးပစ်လိုက်ချင်မိ သည်။ ဟားးးး ... ခက်လိုက်သည်လေ ... ။ သူ့ရှေ့တည့်တည့်ကျမှ ဖြစ်ရတယ်လို့။ တောက် ပြောစရာတွေ ဖြစ်ကုန်ပြီကွာ ... ။

“ဟဲ့ ... ကျော် ... နင်ဘာဖြစ်နေတာလဲ ဒါ ငါမောင်လေး နောင်စိုးငယ်လေ မိတ်ဆက်ပေးဖို့ ခေါ်လာတာ နင်တို့နဲ့ ... ”

ထင်သည်။ ထင်သည်။ ဤပုဂ္ဂိုလ်မများရှေ့တွင် မှားခြင်းက ဆယ်ခါပြန်သေလျှင်တောင် အဖတ်ဆည်ရမည်မဟုတ်။ ဤသို့ဖြစ်ခြင်းက သူတို့ရှေ့တွင်အကြောင်းမဟုတ်သော်လည်း သူ့ရှေ့တွင်မတော့ ... ။ စိတ်တို့ကို ကမန်းကတန်းစုစည်း၍ လူမှုရေးအရ စကားပြန်ပြောဖြစ်ရန် သူမ ကြိုးစားမိ၏။ အစောပိုင်း အချိန်ကာလများက တစ်စုံတစ်ယောက်ကို လိုက်လံရှာဖွေနေခဲ့သော သူမ မျက်လုံးများက သူတို့ဘာသာသူတို့ ရှက်နေသည့်အလား မျက်လွှာချပစ်ရန်သာ ကြိုးစားနေကြသည်။ ရင်မဆိုင်ရဲပါပေ။ သူခိုး လူမိသည်ဟု သုံးရမည်လား ... အချိုရှာသကာတွေ့လား အို ... မသိတော့ပါဘူး။ လောလောဆယ်တော့ တဒိတ်ဒိတ်တုန်နေသော ရင်ကို အသာ ထိန်း၍ စကားဆိုမိ၏။ သို့သော် တစ်ခွန်းတည်းသာ။

“ဟုတ် ... ... ...”

******************* ******************* *******************

(၆)

ယခုည ကြယ်များက ယခင်ညကြယ်များထက် ပို၍ လင်းလက်နေသည်ဟု ထင်နေသေးတော့၏။ ထိုလင်းလက်နေသည့် ကြယ်များအကြား ပေါ်ပေါ်လာတတ်သည့် မျက်ဝန်းနက်နက်တစ်စုံကိုလည်း မြင်နေသေးတော့၏။ သူမ အိပ်မရပါ။ နေ့လည်ခင်းက အဖြစ်သည် သူမအဖို့ လှပစွာ ခြောက်ချားဖွယ် ဖြစ်နေခဲ့သည် မဟုတ်လား။ မော်မကြည့်ရဲအောင် ခေါင်းငုံနေမိသည့် အဖြစ်များနှင့် ကျွန်တော်ဟု အစချီပြောသော စကားသံတို့ကို ပြန်လည် မြင်ယောင်၊ ကြားယောင်နေပြန်၏။ မေမေ့ကို အိပ်တော့မည်ဟု ပြောခဲ့ပြီးသည့် အချိန်မှ ယခုအချိန်ထိ နှစ်နာရီကျော်ကြာမြင့်ခဲ့သော်လည်း အိပ်မပျော်ခဲ့ ပြူတင်းပေါက်မှ တဆင့်မြင်နေရသော ကြယ်များကို သူမ ဆက်၍ ကြည့်ချင်နေမိသည်။ မအိပ်ခင်က သောက်ခဲ့မိသည့် ကော်ဖီတစ်ခွက်ကိုလည်း သူမ အပြစ်မတင်ချင်ပါ။ ထူအမ်းအမ်းဖြစ်ကျန်နေရစ်သေးသော လျှာပေါ်မှ ဝေဒနာကိုလည်း သတိရမိသေးသည်။ တကယ်ဆိုလျှင် လျှာပေါ်မှ ထူအမ်းအမ်း ဝေဒနာထက် ရင်ထဲမှ အမျိုးအမည်သိခွင့်မရှိသော ဝေဒနာကိုသာ ပို၍ အမှတ်ရှိနေသည်သာ။

ခက်သားလား။ ကြက်တူရွေး အာစေးခတ် ခံရသည်ဟု ထိုတစ်နေ့လုံး သူမ အပြောခံခဲ့ရသည်။ မူမူပြီးလျှင် သူမ သာဖြစ်သည်။ နေ့ခင်းကျောင်းဆင်း၍ အပြန်တွင် အကင်းပါး၍ ချက်ဟုဆိုလျှင် နားခွက်က မီးတောက်တတ်သော မူမူက အဓိပ္ပါယ်ပါသော အပြုံးနှင့် လက်ပြနှုတ်ဆက်ကာ ဆင်းသွားသည်။ ထို အပြုံးကို တုံ့ပြန်ပြုံးခြင်းငှာ သူမ မတတ်စွမ်းနိုင်ခဲ့။ မူမူ့အပြုံးကို အဓိပ္ပါယ်ဖွင့်ကြည့်ဖို့ရာ မရဲပါပေ။ တကယ်ဆိုလျှင် သူမအနေဖြင့် မည်သည့်နည်းနှင့်မျှ ဤသို့ မဖြစ်သင့်သည်ကို သူမ သိ၏။ သို့သော် သူမကို မည်သည့်အရာက ဆောင်ယူပုံပြောင်းလိုက်သည်ကို သူမကိုယ်တိုင် မဝေခွဲ မပိုင်းခြားနိုင်။ သူမကိုယ် သူမကိုယ်တိုင်လည်း အံသြနေမိတော့သည်ပဲ။ မဟုတ်သေးပါဘူး ... ငါ မဟုတ်သေးဘူး ဟု ရေရွတ်မိသည်မှာလည်း အကြိမ်ကြိမ်။
မိကျော် ... ဒါနင့်ပုံစံမှ မဟုတ်တာ။ တကယ်ဆိုရင် ... အင်း တကယ်ဆိုရင်။ ဆက်မတွေးတော့လျှင် ကောင်းမည်။

သူမ ဖတ်ဖူးပါသည်။ ကဗျာတွေ၊ ၀တ္ထုတွေ နောက် ဤအကြောင်း ဤခံစားမှုနှင့် ပတ်သက်သော အကြောင်းအချင်းအရာတော်တော်များများကို ဖတ်ရှုဖူးပါသည်။ လိုက်ပါ၍လည်း ခံစားဖူးပါ၏။ အားးး ဘယ်လိုခံစားနေရပါလိမ့်နော်။ ဘယ်လိုကြီးပါလိမ့်။ အိပ်စက်ပစ်ရန်သာ တွေးမိရင်း ယခင်ညတွေလို စိတ်လက်ပေါ့ပါးစွာ အိပ်စက်သွားမည်ကိုသာ တောင်းတမိ၏။ ပြူတင်းတံခါးမှ တိုးဝှေ့လာသော လေကြောင့် ခန်းစီးလိုက်ကာများ တလူးလူးတလွန့်လွန့် ရှိလှပါ၏။ သူမ၏ စိတ်တွေလိုပင် ထပ်တူညီနေ ကြသည်မှာ အံသြစရာ။ ချမိသည့် သက်ပြင်းများကလည်း မြင်နိုင်မည်ဆိုလျှင် ကြမ်းပြင်ထက်၍ အ၀တ်ပုံတစ်ခုလို ပုံနေမည်သာ။ ဟိုးအဝေးက ပြေးလာရသူ တစ်ယောက်လို ဘာလို့များ မောဟိုက်နေရတာပါလိမ့်။ ဤအချင်းအရာက အိပ်စက်ခြင်းတို့ကို ယူဆောင်လောင်ကျွမ်းပစ်စေတတ်သော သဘောရှိသည်လား။ ၀န်ခံရလျှင် ယခုညကို အမြန်ကုန်လွန်လိုက်ချင်၏။ ထို့အတွက် အိပ်စက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်ဟု သူမ နားလည်နေသည်။ ဟင်းးးးး .... ။ သက်ပြင်းတစ်ခု ချမိပြန်လေပြီ ။

မျက်ဝန်းများ ... မျက်ဝန်းများ ... ။ အိပ်စက်ချင်ပါပြီ။ သြော် ... ခက်ပါပြီကော ကောင်ကလေးရယ် ... ။


******************* ******************* *******************

(၇)

သူ နိုးထတော့ ရှစ်နာရီ ရှိပြီ။ ကမန်းကတန်းဖြစ်စွာဖြင့် ကျောင်းသွားရန် ပြင်ဆင်နေမိရင်း မှန်ထဲတွင် သူ့ကိုယ်သူ အမှတ်မထင်ကြည့်လိုက်မိသည်။ မျက်လုံးအိမ်ဘေးမှ အနည်းငယ်ညို၍ ချောင်သယောင်ရှိနေသော မျက်ကွင်းများကို အလန့်တကြား မြင်လိုက်ရ၏။ ညက သူ အိပ်ရာဝင်နောက်ကျခဲ့သည်ပဲ။ အဘယ်ကြောင့် ဘာကြောင့်ရယ်မသိသော ခံစားမှုတစ်ခုက ဤမျှ လွှမ်းမိုးနိုင်လွန်းသည်လား။ စိတ်အစဉ်တွင်တော့ ကြည်ရွှင်နေ၏။ သူ အ၀တ်အစားလဲနေရင်းက ညက အိပ်မက်ကို ပြန်ဖော်ကြည့် မိ၏။ ဝေေ၀၀ါးဝါးသာ။ သတိမရတော့ဟု ပြောလျှင် ရနိုင်သည့်ဘက်သို့ ရောက်နေသည်။ သို့သော် ကြိုးစား၍ ပြန်စဉ်းစားနေမိသည်။ စားပွဲခုံတွင် ထိုင်၍ မနက်စာ စားနေစဉ်တွင်လည်း စဉ်းစားနေမိသည်။ စားနေရင်းမှ ရုတ်တရက် အိမ်အပြင်ထွက်၍ ကောင်းကင်ကို မော့ကြည့်လိုက်သေး၏။ ကောင်းကင်သည် ဖြူနေ၍ တိမ်များနှင့် အပြည့် ဖြစ်နေသည်။ မညို မဖြူတိမ်တိုက်များ။ ကိစ္စမရှိပါ ထိုတိမ်တိုက်များနောက်တွင် ပြာလွင်သော ကောင်းကင်ရှိနေသည်ပဲ။ ဒါကို သူ သိနေသည်မှာ သေချာသည်။ နာရီဝက်အတွင်းတွင် သူ အားလုံးရယ်ဒီဖြစ်နေခဲ့သည်မှာ အဘယ်ကြောင့်နည်း ... ။

“ဟ စောလှချည်လား ... ”

ရေချိုးခန်းမှ ထွက်ခါစ မျက်နှာသုတ်ပ၀ါကြီးဖားလျား၊ ခေါင်းစုတ်ဖွားဖြင့် ရှိနေသော ဖိုးကျော်က တအံတသြစီး မေး၏။ သူ ကတော့ ရယ်ကျဲကျဲဖြင့် နာရီကိုသာ လက်ညိုးထိုးပြလိုက်သည်။ ဖိုးကျော်အမေကလည်း တအံတသြရှိစွာဖြင့် သူ့ကို ကြည့်နေလေ၏။ ဒီနေ့အဖို့ သူ လာခေါ်သည့်အဖြစ်သည် သူတို့ တစ်အိမ်လုံး မနက်စောစောစီးစီးတွင် အံသြစရာကြုံစေသည့်အလား အုံးအုံးကျွက်ကျွက် ဖြစ်နေ၏။ အိမ်နောက်ဘက်သို့ ပြန်ဝင်သွားသော ဖိုးကျော်အမေကို ဖိုးကျော်က လှမ်းအော်ပြောလိုက်သည်။

“အမေရေ သား ကျောင်းသွားရင် ဈေးထဲမှာ ထီသွားထိုးထားနော် ... ”

“မင်းကလည်းကွာ ... အရင်ကလည်း ငါ ဒီလိုပဲ မင်းကို လာခေါ်တတ်တာပဲဟာကို ... ”

“သြော် ... အချစ် အချစ် ... လူတွေကို တယ်လည်း ပြောင်းလဲစေတာကိုး ... ”

ဘေးဘီကို ပြန်ကြည့်ရင်း သူ မလုံမလဲဖြစ်မိသွားသည်။ ဖိုးကျော်ကတော့ အခန်းထဲ ပြန်ဝင်၍ အ၀တ်အစားလဲနေပြီ။ ဖိုးကျော်ပြောလိုက်သော စကားကို ကျွန်တော် ပြန်ကြားနေမိသည်။ ပြောင်းလဲစေသည် တဲ့။ တကယ်ပဲ ပြောင်းလဲစေသည်လား။ ဟုတ်သည်ဟု ၀န်ခံရမည်ပဲ။ အနည်းငယ်သာ ပြောင်းလဲစေသည်လား၊ အကြီးအကျယ်ပြောင်းလဲစေသည်လားတော့ သူ မသိ၊ သူ သိသည်မှာ စိတ်ခံစားမှုများ၏ ပြောင်းလဲမှုဒဏ်ကို သူ ခံနေရသည်ကတော့ သေချာသည်။ “အချစ်” တဲ့လား။ ခေါင်းစဉ်တပ်ဝံ့လောက်အောင် သတ္တိ သူ့တွင်မရှိ။ မနေ့က ကျောင်းကအပြန်တွင် ဖိုးကျော်က ကျော့်ကို မင်း စိတ်ဝင်စားနေပြီဟု တွင်တွင်နေပြောခဲ့သည်။ ဒီမနက်တွင်မတော့ သူပြောသောစကားကိုပင် ထပ်ဆင့် အဆင့်မြှင့်ကာ အချစ်ဟု ပြောင်းလဲ ခေါ်ဝေါ်နေပြန်သည်။ မနေ့က စိတ်ဝင်စားသည် ဟူသော စကားကို ဘ၀မကျရှိခဲ့သော်လည်း သူ ဖိုးကျော်ကို ဘာမှ ပြန်မပြောခဲ့ပေ။ ဤ “အချစ်” ဟူသော ဝေါဟာရနှင့်ကျမှ သူ့ ရင်ထဲမှ ခံစားမှုများကို တစ်ခုချင်း တစ်ခုချင်း အံဝင်ခွင်ကျအောင် အထပ်ထပ် တိုက်ဆိုင် စစ်ဆေးညှိနှိုင်း နေမိတော့သည်။ ထိုခဏ၌ ပြုံးလိုက်မိသည်လား။

“ အချစ်လို့ ငါ သုံးနှုံးလိုက်တော့မှပဲ မင်းပြုံးတော့တယ် ... ”

“မနေ့က အပြန်မှာ ငါပြောတုန်းက မင်းမျက်နှာ အဲလိုမဟုတ်ပါဘူး ငနောင်”

တဟားဟားအော်ရယ်နေသော ဖိုးကျော်ဘေးမှ သူ ခတ်မဆိတ်ပင် လမ်းလျှောက်လိုက်လာမိသည်။ တမာပင်ရိမ်များအကြား ရပ်ထားသော ဖယ်ရီဘတ်စ်ကို လှမ်းမြင်ရချိန်တွင် ဒိတ်ကနဲဖြစ်သွားသောရင်အစုံကို စိတ်လှုပ်ရှားမှုများကြားမှ သတိပြုမိလိုက်၏။ ဘတ်စ်ကားဆီသို့ တဖြည်းဖြည်း နီးလာလေလေ သူ၏ ရင်ခုန်သံများက တဒိတ်ဒိတ်နှင့်သာ တိုး၍ တိုး၍ မြန်လာ၏။ လျှောက်နေသော ခြေလှမ်းအစုံတို့ကို ရုတ်တရက် သူ ရပ်ချပစ်လိုက်မိသည်။ ဘာရယ်ကြောင့်မသိ ဖယ်ရီကားဆီ သို့ ခြေလှမ်းရန် မ၀ံ့ရဲတော့ပါပေ။ သူ့ ရင်ထဲတွင်မတော့ ဗြောင်းသပ်ကာဂလုံဆန်နေတော့၏။ အားးးးး ဘယ်လို ခံစားမှုများလဲကွာ ... ။

“ငနောင် ... ဘာကျန်ခဲ့လို့လည်း ... ”

“ဖိုးကျော် ... ငါတို့ လိုင်းကားနဲ့ပဲ သွားရအောင်လား ... ”

“ဟ ငါ့ကောင် နောက်ကျနေမယ် ... ”

“..... ..... .....”


******************* ******************* *******************

(၈)

ဘီးများက တလှိမ့်ချင်း ရှိနေရာမှ တဖြည်းဖြည်း အရှိန်မြင့်လာသည်။ အနောက်ဘက်အခြမ်းမှ တသဲ့သဲ့နှင့် ထွက်လာသော စကားသံ၊ ရယ်မောသံ၊ ငြင်းခုန်သံများကို သူ နားစွင့်နေမိသည်။ ဖယ်ရီကားရှေ့ခြမ်းမှ မိန်းကလေးများထံမှ ညက ပြသွားသည် ကိုရီးယားကားထဲမှ မင်းသားအကြောင်းနှင့် ပတ်သက်၍ ပြောနေဆိုနေ၊ ဝေဖန်နေကြသည့် စကားသံတို့ကိုလည်း ကျွက်ကျွက်ညံအောင် ကြားနေရသည်။ ဤ ပုံစံအတိုင်းဆို သူ ပါလာခြင်းမရှိပါပေ။ နေများမကောင်းလို့လားဟု တွေးမိသေး၏။ မဖြစ်နိုင်ပါ။ မနေ့က ဖယ်ရီစီးမည်ဟု မျက်နှာ ပြောင်စပ်စပ်နှင့် သူ့သူငယ်ချင်းပြောနေသည်ကို သူကိုယ်တိုင် ကြားခဲ့ရ သည်မဟုတ်လား။ အင်းလေ သူ့သူငယ်ချင်းပြောတာပဲ သူမှ မဟုတ်တာဟု ထပ်တွေးနေမိပြန်သည်။ ညက ပြူတင်းတံခါးကို ပိတ်လိုက်သည့်အခါ ခံစားလိုက်ရသည့် ခံစားမှုကို ပြန်ရလိုက်သလိုပင်။ တော်ပြီ။ ပတ်ဝန်းကျင်ထဲသို့ စိတ်ကို ဖျော်ချ ပျော်ဝင်လိုက်တော့မည်။ စိတ်တင်း၍ မူမူပြောနေသော ပြောလက်စ စကားများထံသို့ အာရုံကို လွှဲလိုက်သည်။ သို့သော် ဖယ်ရီကားရပ်၍ စုရပ်မှတ်တိုင်များတွင် လူတင်သည် အခါတိုင်းသူများ ပါလာလေမလားဟူသော အတွေးဖြင့် သူမ လိုက်ကြည်မိသည်ကို ၀န်ခံပါ၏။ ဟိတ် မဖြစ်ချေဘူး။ ရပ်တန်းက ရပ် ဒီအတွေးတွေဟု မာန်တင်းရင်း မူလမျက်နှာပေးကို သူမ ပြန်ယူလိုက်တော့သည်။ အဆင်ပြေပါ၏။

ညက အိပ်မရသည့် အကျိုးဆက်အနေဖြင့် စာသင်ခန်းတွင် သူမ ငိုက်ပါတော့သည်။ သူ့ဘေးမှ မူမူက တံတောင်ဖြင့် မသိမသာတို့၍ သတိပေးရှာသည်။ နောက် သူလည်း မတတ်နိုင်တော့။ ဆရာသင်နေသည်ကို အားတင်း၍ ကြည့်နေရင်းမှ တစ်ချက်တစ်ချက်တွင် ငိုက်မိသေး၏။ အိပ်ချင်ပြေရန် စားမိသည့် တော်ဖီသည်လည်း ကုန်နေပြီ။ ဤအချိန် မြန်မြန်ကုန်ပါစေဟု ဆုတောင်းခြင်းရန်သာ သူမ တတ်နိုင်တော့သည်။ အတန်း၏ အနောက်ဘက်တွင် သတိတရရှိစွာဖြင့် မထိုင်လိုက်မိသည်ကိုလည်း နောင်တရနေမိသည်။ အခုကတော့ ဆရာနှင့် ကျန်သူများကို အားနာစရာကောင်းနေပေပြီ။ ဤမျှ ငိုက်နေသည့် ကြားထဲမှပင် တစ်ချက်တစ်ချက် မျက်ဝန်းနက်နက်များက ၀င်ဝင်လာသေးသည်။ ရော် ... ။

ကန်တင်းဆင်းချိန်တွင် သူမကိုယ် သူမ ပြန်သုံးသပ်နေမိသည်။ ယခင်က သူမအနားတွင် သူ ပေါင်းများစွာ ၀ဲပျံနေခဲ့ဖူးသည်။ ယခုလည်း ၀ဲပျံနေဆဲသာ။ သို့သော် ထိုသူတို့အတွက်မူ သူမက ကျောက်ရုပ်သာ ဖြစ်နေခဲ့သည်ပဲ။ ထိုသူများအကြားတွင် သူမသည် မာနခဲတစ်ယောက်ကဲ့သို့ ရှိနေခဲ့သည်။ ထိုသို့ ရှိနေခြင်းပင်လျှင် သူမအတွက် ဂုဏ်ယူစရာ ဂုဏ်ဒြပ်တစ်ခု ဖြစ်၍နေပြန်သည်။ ချဉ်းကပ်မှုများကို သိသိသာသာတစ်မျိုး မသိမသာတစ်ဖုံကျော်လွှားတတ်ခဲ့ခြင်းကပင် သူမ၏ အရည်အချင်း တစ်ရပ်အသွင်ကို ဆောင်နေပြန်သေးသည်။ ထိုအတွက်လည်း သူမ သူ့ကိုယ်သူ ပြန်ဆန်းစစ်ကြည့်ခဲ့သည်မှာ အကြိမ်ကြိမ်။ ဟုတ်ပါသည်။ ရိုးသားသော မျက်ဝန်းများကိုယူဆောင်၍ ခင်မင်လာသူများနှင့် သူမ အမြဲတစေသဟဇာတဖြစ်မြဲ။ ထိုသူပေါင်းများစွာတို့၏ မျက်ဝန်းများကို ကြည့်မိသည်နှင့် ရိုးသားသည် မရိုးသားသည် ခွဲခြားဆုံးဖြတ် ဖတ်တတ်ခဲ့သော မွေးရာပါအရည်အချင်းကို သူမကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့။ ဒါက သူမအတွက် ဒိုင်းတစ်လက်ဖြစ်ခဲ့သည်။ သူမသည် အလှအပကို ခုံမင်မက်မောနေသူတစ်ယောက်မဟုတ်ခဲ့။ သဘာဝတရားနှင့် တစ်သားတည်းဖြစ်စွာ၊ သဘာဝကျစွာ မိန်းမဆန်နေသရွေ့ သဘာဝကျကျ လှပနေမည်ဟု အမြဲပင်ခံယူတတ်ခဲ့သူ ဖြစ်သည်ပဲ။ ပကတိလှပနေခြင်းကို မြတ်နိုးသူ သူမသည် ... ။ ဤသို့ တစိုက်မတ်မတ်တွေးလိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကုန်ခမ်းကာ နွမ်းလျခွေပျော့ သွားသည်။ စိတ်ခံစားမှု၏ ခေါ်ဆောင်ယူငင်ရာနောက်သို့ မှတ်မှတ်ထင်ထင်လိုက်ပါခံစားလေ့ရှိသော သူမ နှလုံးသားရင်အစုံက မောလျလျှက် ရှိနေသည်။ တစ်ခါတစ်ရံသူမကိုယ် သူမ မုန်းမိလောက်အောင်ပင် ဤအဖြစ်၌ နစ်မြုပ်ပျော်ဝင်နေခဲ့တော့သည်ပဲ။

“နင် နေရောကောင်းရဲ့လား ... ညက အိပ်မပျော်ဘူးလား ... ”

ဂရုတစိုက်အမူအယာနှင့် လက်တစ်ဖက်က နှဖူးပြင်ပေါ်လို့ ရောက်လာသည်။ စိုးရိမ်မှုအနည်းငယ် ယှက်သန်းနေသော မူမူမျက်နှာကို သူမ မော့ကြည့်လိုက်သည်။ ခေါင်းကို အသာအယာငြိမ့်ပြ၍ တုံပြန်လိုက်သည်။ မူမူက သူ့လက်ကိုင်အိတ်တွင်းမှ တစ်စုံတစ်ခုကို ရှာဖွေနေဟန်ဖြင့် ပြန်လည် တိတ်ဆိတ်သွားသည်။ ခေါင်းထဲက မူးနောက်နောက်ခံစားမှုကို ခံစားရသည်။ အကြောအချင်များထဲတွင် အင်အားများယုတ်လျော့နေသလိုလည်း ခံစားနေရသည်။ အသက်ကို ၀၀ ရှုရှိုက်လိုက်သည်တွင် ကန်တင်းမီးဖိုများဘက်မှ ညော်နံ့တစ်ထောင်းထောင်းကိုသာ ရ၏။ မိုက်ကနဲ ပြန်လည်မူးနောက်သွားရပြန်သည်။ စားပွဲပေါ်တွင် စားလက်စ နေ့လည်စာက တစ်ဝက်တစ်ပျက်ဖြင့်သာ ရှိနေ၏။ မူးဝေနေရင်းက မနေ့ညက ကြယ်တွေကို ပြန်မြင်လာသလိုလို၊ ကြယ်တွေဆီသို့ လွင့်မျောသွားနေသလိုလိုပင် ခံစားလာရသည်။

“အမ နေမကောင်းဘူးလားဟင် ... ”

ကြည်လင်၍ ညင်သာနုညံ့သော စကားသံက နားအတွင်းသို့ ပျော်ကျစီးဝင်လာသည်။ ဘေးပတ်ဝန်းကျင်အားလုံးမှ ဗလောင်ဆူနေသောအသံဗလံများ ရုတ်ချည်းငြိမ်ကျသွားသလို တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ မှိတ်ထားသော မျက်ဝန်းအစုံကို ဖြည်းညင်းစွာ ဖွင့်၍ အသံလာရာဆီသို့ သူမ ကြည့်လိုက်သည်။ စိုးရိမ်စိတ်အပြည့်ဖြင့် ငုံကြည့်နေသော ရွှန်းစို မျက်ဝန်းနက်နက်များကို မြင်လိုက်ရသည်။ ဟုတ်ပါသည်လေ။ ကြယ်တွေလိုပါပဲ။ ကြယ်တွေကပင် ပျောက်လိုက်မှိန်လိုက်ရှိသေး။ မျက်ဝန်းနက်နက်များကတော့ မမှိတ်မသုန် ရီဝေလှိုက်ငေးစွာဖြင့် မိုး၍ ရှိနေတော့သည်။ သူမ နှုတ်ခမ်းဒေါင့်စွန်းလေးတွင် အပြုံးငွေ့ငွေ့တို့ ယှက်သန်းအုံ့မိုးသွားသည်လား။ သူမ မသိတော့ပါ။ သူမ သိသည်မှာ သူမ သည် အလွန်တရာနုညံ့သိမ်မွေ့၍ နှုတ်အားဖြင့် စကားလုံးဖြင့် သင်္ကေတအားဖြင့် ဖော်ပြခြင်းငှာ မတတ်စွမ်းနိုင်သော သဘောတရားတစ်ခုတွင် နက်ရှိုင်းစွာ မျောပါနေခြင်းသာ။ မင်း ... ဘယ်ရောက်နေတာလဲ။ ဘယ်ရောက်နေတာလဲ ကောင်လေးရယ် ... ။

[ဆက်ရန်]

Sunday, November 8, 2009

အလွမ်းရိုင်းသွင်းချိန်




အလွမ်းရိုင်းသွင်းချိန်


အလွမ်းတစ်ဆုပ်နဲ့
ကဗျာတစ်ပုဒ်လုပ်ခဲ့တာမဟုတ်ဘူး
ဒီလို အလွမ်းတစ်အုပ်နဲ့ ညနေတိုင်း
အလွမ်းကျောင်း ထွက်တတ်ခဲ့တာ ...။

မင်းနဲ့ ဝေးခဲ့တဲ့ ငါပါ
အလွမ်းထိန်းတစ်ယောက်လိုသာပဲ ... ။

မီးလျှံလို ထဖောက်
အလွမ်းတိမ်ပြောက် ရဲရဲတောက်မှ
ငါ့နှလုံးသားကို ကျပ်တိုက်မီးကင်
ဝေးကွာမှု စင်ပေါ်ဆက်
ဘယ်ငင်ညာခေါက်နဲ့ သတ်တဲ့အခါ ... ။

ငါ့မှာ ...
ခံစားလိုက် ... နာကြင်လိုက်
မိန့်မူးလိုက် ... မော်ဖူးလိုက်နဲ့
အလွမ်းမြူးမြူးတွေကြား
စိတ္တဇမှု ရူးရူးနဲ့ ငါ ...
ငါ ... ငါ ... ငါ ... ။

တော်ပြီကွာ ...
ဒီလိုသာ ရင်ကော့ပစ်ခဲ့တယ် ... ။

တမ်းတမှု ကြိမ်စက်ရိုင်းနဲ့
အို ... စိတ်ထင်တိုင်း နှက်ခဲ့ပေါ့
နာကျင်ခံ နှလုံးသားက အရှိုးရာဗရပွနဲ့မို့
အယူခံမလှ လွန်ဆန်လို့မရတဲ့
သံရည်ပူချိုတွေ မော့သောက်စို့ကွယ့် ... ။

အို ... သိခဲ့ကြ
အဲဒီ့ အလွမ်းရိုင်းသွင်းချိန်ကျမှ
ဆုံမယ် ... ။ ။


အိပ်မက်ရှင်

[ ပုံကိုတော့ http://www.desktopscenes.com ကနေရယူထားပါတယ်။ ]

Saturday, November 7, 2009

ကြိုးတန်းပေါ်ကဘ၀နှင့် ဟန်ချက်ညီခြင်းများ





ကြိုးတန်းပေါ်ကဘ၀နှင့် ဟန်ချက်ညီခြင်းများ



စ်နေ့ကပါ ... ။ youtube မှာ ကြိုးတန်းပေါ် လမ်းလျှောက်တဲ့ video nap shoot လေး ကြည့်လိုက်မိတယ်။ လျှောက်တဲ့သူရဲ့ လက်ထဲမှာ ၀ါးလုံးရှည်လို ဒုတ်အရှည်တစ်ချောင်းကို အလယ်ကနေ ကိုင်၊ တစ်ဖက်နဲ့ တစ်ဖက် တင်းနေအောင် ဆွဲထားတဲ့ ကြိုးတန်းရှည်ပေါ်မှာ ဖြည်းဖြည်းချင်း ထိန်းပြီးလျှောက်သွားနေတဲ့ မြင်ကွင်းလေးပါ။ ကြိုးတန်းအောက်က အားပေးနေတဲ့ လူတွေကလည်း အသက်ရှုဖို့တောင် မေ့လျော့နေပြီး မော့ကြည့်နေကြတယ်။ ကြိုးတန်းလမ်းလျှောက်နေတဲ့လူကလည်း ဟန်ချက်ကို ညီအောင် ထိန်းရင်း သွားလိုက်တာ တစ်ဘက်ကို ရောက်တဲ့အခါမှာ အောက်က ပရိတ်သတ်က ၀ိုင်းပြီး ချီးကျူးအံသြ သြဘာပေးကြပါတော့တယ်။ ဗွီဒီယိုလေးကတော့ အဲဒီ့နေရာမှာ ပြီးသွားပါတယ်။ ဒါပေမယ့် မပြီးသေးတာက ကျွန်တော် ခေါင်းထဲက အတွေးတွေထဲမှာပါ။

ဒီဗီဒီယိုလေး ကြည့်အပြီးမှာ စကားလုံးတစ်ခု၊ သဘောတရားတစ်ခုက ခေါင်းထဲမှာဝင်လာပါတယ်။ အဲဒါကတော့ “ဟန်ချက်” ဆိုတဲ့ စကားလုံးလေးပါ။ ကြိုးတန်းလျှောက်တဲ့ လူတစ်ယောက်အဖို့ ဟန်ချက်ဟာ သိပ်ကို အရေးကြီးပါတယ်။ သူ့ဟန်ချက်ကို သူထိန်းနိုင်ဖို့ ကြိုးစားရင်း တော်ရုံတန်ရုံလူ မလျှောက်နိုင်တဲ့ သေးငယ်တဲ့ ကြိုးတန်းတစ်တန်းအပေါ် အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့တယ်။ ဒီသဘောတရားဟာ ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာရော ရှိမနေနိုင်ဘူးလား။ ဘေးပတ်ဝန်းကျင်မှာမှ မဟုတ်ပါဘူး ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်အတွင်းနဲ့ အတွေးအခေါ် အယူအဆ အပြုအမူတွေအပေါ်မှာရော သက်ရောက်မနေနိုင်ဘူးလား၊ ရှိမနေနိုင်ဘူးလားရယ်လို့ ဆက်မေးမိတယ်။ ရှိနေနိုင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ဟန်ချက်ဆိုတဲ့ သဘောတရားကို မသိခင် နားမလည်ခင်ကတည်းက ဟန်ချက်ရှိမှ၊ ညီမှ လမ်းလျှောက်နိုင်မယ်ဆိုတာ သိနေ နားလည်နေခဲ့တယ်လေ။ မွေးပြီး တစ်နှစ်ခွဲ နှစ်နှစ်အကြာမှာ ကျွန်တော်တို့ ဖြစ်လာမယ့် လူကလေးဟာ ဟန်ချက်ကို မျှအောင် ကစားရင်း လမ်းလျှောက်တတ်အောင် ကြိုးစား နေခဲ့ပြီ မဟုတ်လား။ အဲအချိန်ကတည်းက ရှေ့ဆက် ရင်ဆိုင်လာရမယ့် အရာကိစ္စတွေအားလုံးမှာ ဒီဟန်ချက်ညီဖို့ဟာ အရေးပါအရာရောက်တယ်ဆိုတာကို နားလည်စပြုလာခဲ့ကြတာပါ။

အဲလို လမ်းလျှောက်တတ်စ ကလေးဘ၀ကနေ တဖြည်းဖြည်းကြီးပြင်းလာတဲ့ အခါမှာလည်း ဟန်ချက်ညီဖို့ကို ကျွန်တော်တို့ ဆက်လက်ကြိုးစားနေခဲ့ကြတယ်။ ကလေးလေးတွေ စက်ဘီးစီးကြတယ်။ ကျွန်တော် အံသြနေမိပါတယ်။ ဒီလို ဘီးကလေး နှစ်ဘီးပေါ်မှာ ခန္ဓာကိုယ်တစ်ခုကို ပစ်တင်ပြီး ဘေးဘီကို ယိုင်လဲမကျအောင် ထိန်းရင်း ထိန်းရင်း အရှေ့ကို ရွေ့အောင် ကြိုးစားရတာ သိပ်ကိုသဘောကျစရာအရာတစ်ခုမဟုတ်ပါလား။ စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင်စီးတတ်ဖို့ ကြိုးစားတဲ့အခါ ဟန်ချက် ဆိုတာ အရေးကြီးမှန်း ထပ်မံသိလိုက်ရပါတယ်။ ဟန်ချက်ညီအောင် မထိန်းနိုင်တာမို့ စက်ဘီးပေါ်က အကြိမ်ကြိမ်ပြုတ်ကျ၊ ပွန်းပဲ့ဒဏ်ရာတွေ ပရပွရပေမယ့် နောက်မဆုတ် အားမလျော့ပဲ ဟန်ချက်ညီအောင် ကြိုးစားမိတယ်။ စက်ဘီးစီးတတ်ချင်တဲ့စိတ်နဲ့ ဟန်ချက်ညီအောင် ထိန်းတတ်လာတဲ့အခါ ပြုတ်ကျတဲ့ အကြိမ်ရေ တဖြည်းဖြည်းလျော့နည်းလာခဲ့ပြီး စက်ဘီးကို တဖြည်းဖြည်း စီးတတ်လာပါတော့တယ်။ ဒါပေမယ့် သိပ်ငယ်တဲ့ ကလေးငယ်လေးတွေ အတွက် ဟန်ချက်မထိန်းတတ်ခင် စီးတတ်စေဖို့ စက်ဘီးအနောက်ဘက်ဘီးမှာ အထိန်းဘီးကလေးတွေ တပ်ပေးထားတာ မြင်ရပါတယ်။ ဒါဟာ ဟန်ချက်ရဲ့သဘောတရားကို မကျက်မိခင်မှာ အကူထိန်းသိမ်းပေးတဲ့ သဘောပါ။ ဒါဆို ဟန်ချက်ကို ထိန်းနိုင်ဖို့အတွက် လိုအပ်တဲ့အရာတစ်ခုကို ကျွန်တော်တို့ စတင်သိမြင်မိတဲ့ လက္ခဏာပေါ့။

တဖြည်းဖြည်း အသက်အရွယ်ရလို့ ကြီးပြင်းရင့်ကျက်လာချိန်မှာ ဟန်ချက်ညီမှုဟာ လူ့ဘ၀နဲ့ ရှင်သန်ရပ်တည်ဖို့ လှုပ်ရှားတဲ့နေရာတွေမှာ သိပ်ကိုအရေးပါ အရာရောက်နေတယ်ဆိုတာကို ပိုလို့ နားလည်လာခဲ့ပါတယ်။ လူမှုရေးအပိုင်း ပေါင်းသင်းဆက်ဆံရေး အပိုင်း မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ခင်မင်ဆက်ဆံ ထိတွေ့ရတဲ့အခါ သူ့ဘက်ကိုယ်ဘက်တွေမှာ ရှိနေတဲ့ ဟန်ချက်တွေကို ထိန်းသိမ်း ညှိယူတတ်တဲ့သူဟာ ဘယ်အသိုင်းအ၀ိုင်းမှာမဆို တိုးလို့ ပေါက်တယ်၊ ၀င်ဆံ့တယ်၊ ချစ်လိုခင်လိုသူတွေပေါတယ် ဆိုတာ သိလာရတယ်။ လူတွေမှာ သူ့အတွေ့အကြုံ၊ သူ့ဘ၀ဖြတ်သန်းပုံပေါ်မူတည်ပြီး ကိုယ်ပိုင်အယူအဆတွေ ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ ကိုယ်ပိုင်အပြုအမူတွေ ကိုယ်စီရှိနေတတ်ကြပါတယ်။ အဲလို လူတွေအချင်းချင်း ထိတွေ့ဆက်ဆံတဲ့အခါမှာ ကြီးမားတဲ့ ဟန်ချက်လွဲချော်မှုတွေကို အမြဲတမ်းကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ပေါင်းသင်းဆက်ဆံမှုမှာ ကျင့်သုံးတဲ့ဟန်ချက်နဲ့ စက်ဘီးတစ်စီးကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်ဖို့ လိုအပ်တဲ့ ဟန်ချက်တွေမှာ ဟန်ချက်လွဲလို့ ရလာတဲ့ ရလာဒ်တွေက သိပ်ကို ကွာခြားလွန်းလှပါတယ်။ ဟန်ချက်လွဲလို့ စက်ဘီးပေါ်က ပြုတ်ကျရင် ဒဏ်ရာအနာတရ ရတာကလွဲလို့ ဒီထက်ပိုတဲ့ရလာဒ် ဖြစ်မလာနိုင်ပါဘူး။ ဒါပေမယ့် ပေါင်းသင်းဆက်ဆံမှုနေရာမှာ ဟန်ချက်လွဲချော်မိခဲ့ရင် မိတ်ကောင်းဆွေကောင်း၊ အခွင့်အလမ်းကောင်း ဆုံးရှုံးရတဲ့ အမှားတွေ၊ ရလာဒ်ဆိုးတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ သူ့ဘက်ကိုယ့်ဘက် မျှတွေးပြီး ဟန်ချက်ကို ထိန်းညှိလို့ နေထိုင်ကြတဲ့ လူတွေမှာ စက်ဘီးပေါ်က ပြုတ်ကျလို့ ပွန်းပဲ့တဲ့ ဒဏ်ရာတွေလို အမှားတွေတဖြည်းဖြည်း လျော့နည်း လာတာကို တွေ့ရတတ်ပါတယ်။ ဒါက လူမှုဆက်ဆံရေးဆိုတဲ့ အခန်းကဏ္ဍတစ်ခုအတွက်ကိုပဲ ဟန်ချက်ညီမှုရဲ့ သဘောတရားကို စဉ်းစားတွေးတောမိတာပါ။ အခြားသော ကဏ္ဍအရပ်ရပ်မှာလည်း ဒီဟန်ချက်ညီခြင်းဆိုတဲ့ သဘောတရားဟာ ဆက်လက်အရေးပါနေဆဲပါ။ ဒါဆို ဟန်ချက်ညီမှုဆိုတာ အရေးပါတဲ့အရာတစ်ခု ဖြစ်လာနေပြီပေါ့။

စက်ဘီးတစ်စီးကို စီးနင်းရာမှာ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ကို ထိန်းသိမ်းပေးဖို့ စက်ဘီးလက်ကိုင်ဟာ အဓိက အရေးပါ ပါတယ်။ ကြိုးတန်းလမ်းလျှောက်တဲ့အခါမှာလည်း ဟန်ချက်ကို ချိန်ဆဖို့ရာ ဒုတ်တန်းရှည်တစ်ချောင်းက ကူညီပေးပါတယ်။ ဒါဆို ဟန်ချက်ညီဖို့ ကျွန်တော်တို့ ကြိုးစားကြရာမှာ အကူပစ္စည်းတစ်ခုလိုတယ်ဆိုတာကို လွယ်လွယ်ကူကူပဲ သိမြင်သဘောပေါက်နိုင်ပါတယ်။ မိမိစီးနင်းနေတဲ့ စက်ဘီးမှာ လိုအပ်တဲ့ အချိန်အဆ ဟန်ချက်ကို ကစားဖို့ရာ စက်ဘီးလက်ကိုင်ကို ဘယ်ညာထိန်းပေးပြီး စက်ဘီးဆက်လက်ရပ်တည်ဖို့ ဆက်လက်ရွေ့လျားဖို့ အသုံးပြုပါတယ်။ ထို့အတူပဲ ကြိုးတန်းလျှောက်သူတစ်ယောက်အဖို့ သူ ကိုင်တွယ်ထားတဲ့ ဒုတ်တန်းရှည်ရဲ့ အနေအထားကို အကဲခတ်ပြီး ဟန်ချက်ကို သိဖို့ရာ အသုံးပြုပါတယ်။ ထိုအတူပါပဲ လူ့ဘ၀တစ်ခုမှာ ဟန်ချက်ညီညီ လှုပ်ရှားနေထိုင်ဖို့ ဟန်ချက်ကို ထိန်းပေးနိုင်မယ့် အကူကိရိယာပစ္စည်းကတော့လိုကောင်းလိုမယ်လို့ ဆက်စပ်တွေးမိပါတယ်။ ဟန်ချက်ညီနေတဲ့ ဘ၀တစ်ခုဟာ အခက်အခဲတစ်စုံတစ်ရာ မရှိပဲ ဖြောင့်ဖြောင့်တန်းတန်း ခရီးတွင်နေမှာ သေချာတယ် ဆိုတာ လူတိုင်းနားလည်နေကြပေမယ့် အခုလို ဟန်ချက်ကို ကိုက်ညီအောင် ထိန်းသိမ်းပေးမယ့် အကူကိုတော့ လူတိုင်း သိဖို့မြင်ဖို့ ခဲယဉ်းလှပါတယ်။ သက်ဆိုင်ရာ သက်ဆိုင်ရာ နယ်ပယ်တွေမှာ ဟန်ချက်ညီအောင် ထိန်းညှိပေးမယ့် အကူပစ္စည်း၊ ကိရိယာဟာ ရှိနေနိုင်ပါတယ်။ မိဘနဲ့ သားသမီးကြား ဟန်ချက်ညီဖို့၊ ဆရာနဲ့ တပည့်အကြား ဟန်ချက်ညီဖို့၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ဟန်ချက်ညီဖို့၊ လုပ်ငန်းခွင်မှာ အထက်အရာရှိနဲ့ ဟန်ချက်ညီဖို့၊ စီးပွားရှာဖွေလုပ်ကိုင်ရာမှာ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ဟန်ချက်ညီဖို့ စတဲ့ စတဲ့ နေရာတွေမှာ သူ့နေရာနဲ့သူ ဟန်ချက်ညီစေဖို့ အသုံးပြုရမယ့် အရာကတော့ လိုအပ်နေမှာပါ။ ပြောင်းပြန် သဘောတရားအရ ဟန်ချက်ညီမှုကို ပျက်ယွင်းစေတဲ့ အကြောင်းတရားတွေထဲမှာ အတ္တစိတ် လွန်ကဲစွာထားရှိခြင်း၊ အလိုလောဘကြီးခြင်းနဲ့ အညှိုးအတေးကြီးစွာ အာဃာတတရားလက်ကိုင်ထားမှုတွေဟာ ထိပ်ဆုံးကနေ ပါဝင်နေခဲ့ပါတယ်။ ဒီလိုအရာတွေကြောင့် ဟန်ချက်ပျက်ယွင်းပြီး လွဲချော်မိတဲ့အခါ ပြဿနာတွေ၊ အခက်အခဲတွေ၊ အကွဲအပြဲတွေ စီကာစဉ်ကာ ပေါ်ထွက်လာပြီး အစဉ်သဖြင့် ဆုံးရှုံးနစ်နာ တတ်ကြတာပဲ မဟုတ်လား။

ဒီဟန်ချက်ညီဖို့အကြောင်းကို သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိလို့ပြောဖြစ်တဲ့အခါ သူက ကျွန်တော့်ကို ဒီလို မေးခဲ့ပါတယ်။ “ခင်ဗျားအနေနဲ့ ဒီလို နယ်ပယ်အစုံ၊ ခင်ဗျားရဲ့ဘ၀ထဲမှာ ဟန်ချက်ညီဖို့ ကြိုးစားတဲ့အခါ ဘယ်လို အကူပစ္စည်းကို အသုံးပြုခဲ့ပါသလဲ” တဲ့။ ကျွန်တော် သူ့ရဲ့ မေးခွန်းကို ခပ်ရိုးရိုးပဲ ပြန်ဖြေခဲ့ပါတယ်။ “ကျွန်တော့်ဘ၀အတွက်ကတော့ ဟန်ချက်ညီဖို့ကိုထိန်းညှိတဲ့အခါ ကိုယ်ချင်းစာတရားကို အကူပစ္စည်းလို အသုံးပြုပါတယ်” လို့ ဖြေခဲ့ပါတယ်။ ဒီလိုပါပဲ လူတိုင်းလူတိုင်း မှာ ကိုယ့်အသက်ရှင်ရပ်တည်မှုအတွက် လှုပ်ရှားရုန်းကန်ရာမှာ ဟန်ချက်ညီဖို့ ကိုယ်စီကိုယ်စီအသုံးပြုနေကြတဲ့ အကူပစ္စည်းလေးတွေ ရှိနေတတ်ကြပါတယ်။ ဥပမာ ချစ်သူအချင်းချင်းအကြား ဟန်ချက်ညီဖို့ ကြင်နာမှု၊ ဂရုစိုက်မှု၊ သစ္စာရှိမှု စတဲ့ အရာတွေနဲ့ ထိန်းညှိကြပါတယ်။ လင်မယားအချင်းချင်းကြားမှာတော့ဖြင့် ဒီထက်ပိုလေးနက်ကုံလုံတဲ့ နားလည်မှု၊ ပွင့်လင်းမှု၊ အလိုက်သိမှုနဲ့ သဘောထားကြီးမှုတွေဟာ ဟန်ချက်ကို အကြီးအကျယ် ထိန်းညှိပေးတဲ့ အကူပစ္စည်းလေးတွေပါ။ သားသမီးနဲ့ မိဘအကြားမှာ ရိုသေမှု၊ သိတတ်မှု၊ ဆိုဆုံးမမှု စတာတွေ၊ ဆရာနဲ့ တပည့်အကြားမှာ စည်းကမ်းရိုသေမှု၊ သေ၀ပ်မှု၊ စေတနာထားမှု စတာတွေ၊ သူငယ်ချင်း မိတ်ဆွေအချင်းချင်းအကြားမှာတော့ဖြင့် နားလည်မှု၊ စာနာမှု၊ ဂရုတစိုက်ရှိမှု၊ နားလည်ပေးမှု စတဲ့ အချက်အချက်လေးတွေနဲ့ ထိန်းညှိရပ်တည်သွားနေကြတာပါ။

ကျွန်တော့် အယူအဆအရ ဘ၀ရဲ့ ပျော်ရွှင်မှု၊ အဓိပ္ပါယ် ရှိမှုနဲ့ ကိုယ့်ဘ၀အပေါ်ကိုယ်ကျေနပ်နေမှုတွေ အပေါ်မှာ ဒီဟန်ချက်ညီဖို့ အချက်ဟာ သိပ်ကို အရေးပါ အရာရောက်တယ်လို့ မြင်မိပါတယ်။ ပြင်ပလောကက ရိုက်ခတ်လာတဲ့ အကြောင်းတရားတွေအပေါ်မှာ အခြေခံပြီးတော့ ကျွန်တော်တို့ရဲ့ စိတ်တွေမှာ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ ကြေကွဲမှု၊ ၀မ်းမြောက်မှု၊ တုန်လှုပ်မှု၊ ကြည်နူးမှု စတဲ့ စိတ်ခံစားမှုတွေ ဖြစ်ပေါ်ခံစားရပါတယ်။ စိတ်ရဲ့ အနုအရင့်၊ အလေ့အကျက်ပေါ်မှာထပ်မံမူတည်ပြီး ခံစားရတဲ့အခါ အတိမ်အနက်တွေ၊ အပြင်းအပျော့တွေ ထပ်ဆင့်ကွဲပြားသွားရပြန်ပါတယ်။ အဲဒီအခါမှာ စိတ်ရဲ့လွှမ်းမိုးမှုကို ခံစားရတဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာသွင်ပြင်မှာ ဒီခံစားမှုရဲ့ အရိပ်တွေ ထင်ဟပ်ပေါ်လွင်လာစမြဲပါ။ ဒီစိတ်ခံစားမှုတွေရဲ့ လှုပ်ရှားလွှမ်းမိုးတဲ့ဟန်ချက်ကို သိနားလည်ပြီး ထိန်းညှိနိုင်တဲ့သူ အဖို့မှာ ထူးထူးခြားခြား ပြောင်းလဲတဲ့အသွင်လက္ခဏာမရှိပဲ တည်ငြိမ်မှုရှိနေမှာပါ။ အဲဒီ့ဟန်ချက်ကို မထိန်းညှိနိုင်သူအဖို့မှာတော့ ဒီခံစားမှုတွေရဲ့ ဆွဲငင်ခေါ်ဆောင်ရာ နောက်ကို ကောက်ကောက်ပါအောင် လိုက်ပါသွားမိမှာ အသေအချာပါပဲ။ ဒီလို စိတ်ရဲ့ ဟန်ချက်တွေကို ထိန်းညှိပေးနိုင်မယ့် အကူကိရိယာကတော့ “သတိ” တရားပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် စိတ်ရဲ့ အလျဉ်ဟာ အလင်းနဲ့ အသံတွေရဲ့ အလျဉ်နှုန်းနဲ့ လုံးဝမနှိုင်းယှဉ်လောက်အောင် လျင်မြန်လွန်း၊ ကွာခြားလွန်းတာမို့ ထိန်းချုပ်သတ်ညှိဖို့ ခက်ခဲလှတယ်ဆိုတာကတော့ ၀န်ခံပါရစေ။

အတွေးဆိုတဲ့အရာက အဆုံးမဲ့လောက်အောင် ရှည်လျားလွန်းပါတယ်။ အခုလည်း ကျွန်တော် အတွေးရဲ့ ခေါ်ဆောင်ရာကို မငြင်းဆန်ပဲ လိုက်ပါမိတယ်။ ဘာရယ်မဟုတ်ပဲ အမှတ်မထင် ကြည့်မိတဲ့ ဗီဒီယို ပြကွက်လေးတစ်ခုကနေ သိပ်ကို မြင့်မားလွန်းတဲ့ အတွေးအခေါ်ဒဿနတစ်ခုဆီကို ရောက်သွားလောက်အောင် ရှည်လျားသွားခဲ့မိတယ်။ တစ်ခါတစ်ခါကျတော့ တွေးမိတဲ့အတွေးတွေထဲမှာ မှန်တဲ့အရာတွေလည်းပါ ပါတယ်။ မှားတဲ့အရာတွေလည်းပါ ပါတယ်။ ကိုယ်တွေး ကိုယ်ထင်တာတွေဟာ မှားတတ်တယ်ဆိုတာလည်း အကြိမ်ကြိမ် သိနေခဲ့မိပါတယ်။ အခု ဟန်ချက်ဆိုတာနဲ့ ပတ်သက်လို့ ကျွန်တော် တွေးနေမိတာ သိပ်ကို များသွားပြီ ဒါပေမယ့် အားလုံး သိနားလည်ကြတဲ့အတိုင်း အတွေးဆိုတာကလည်း ဆက်ဆက်တွေးတက်တာမို့လေ။ ကျွန်တော့်ကိုယ် ကျွန်တော် ဒီအတွေးစရဲ့ နောက်ကွယ်မှာ ဆုံးဖြတ်ချက်ချမိတာကတော့ဖြင့် ဒီလောကရဲ့ ဟန်ချက်တွေကို သိနားလည်ဖို့ ကြိုးစားရဦးမယ်ဆိုတာပါပဲ။ ကမ္ဘာမှာရှိတဲ့ လူသားတိုင်း လူသားတိုင်းမှာ ရှိကြတဲ့ ဟန်ချက်တွေ ညီဖို့ဆိုတာက သိပ်ကို ခက်လှတာမို့ သူတို့ကို ကျွန်တော့်အနေနဲ့ ထိန်းညှိပေးဖို့ဆိုတာက လုံးဝကို မလွယ်ကူတဲ့ကိစ္စပါ။ အဲတော့ ကိုယ့်ဘ၀ရဲ့ ဟန်ချက်ကိုပဲ ကိုယ်ကြိုးစားပြီး ထိန်းညှိဖို့ စိတ်ကူးလိုက်တာပါ။

ကျွန်တော် စာမရေးဖြစ်တာ ကြာပါပြီ။ အခုတော့ ရေးလိုက်မိပြီ။ စိတ်ထဲမှာ ရှိနေတာတွေကို ချရေးမိတာမို့ စိတ်ထဲမှာတော့ တော်တော်ပေါ့ပါးလန်းဆန်းသွားပါတယ်။ ကျွန်တော်ကတော့ဖြင့် ပေါ့သွားတယ် စာဖတ်သူကိုတော့ တွေးစရာတွေပေးပြီး ခေါင်းစားအောင် ရည်ရွယ်မိတာတော့မဟုတ်ပါဘူး။ အခု ရေးလိုက်မိတဲ့အကြောင်းအရာတွေမှာ လိုအပ်နေတာတွေ၊ မပြည့်စုံတာတွေ၊ လိုအပ်ချက်တွေအတွက် ထောက်ပြဝေဖန်မယ့်သူကို မျှော်လင့်နေပါတယ်။ ကြိုဆိုနေပါတယ်။ တကယ်တော့ စာတစ်ပုဒ်ဆိုတာ အကျိုးတရားရှိမယ့် သုတ၊ ခံစားမှုရစေမယ့် ရသ နောက် စိတ်အပန်းပြေမှု၊ တွေးတောစရာရမှုနဲ့ ဝေဖန်သုံးသပ်မှုတွေနဲ့ ဝေေ၀ဆာဆာပြည့်စုံနေမှ ဟန်ချက်ညီပြီး ဘက်မျှနေတဲ့ စာတစ်ပုဒ်လို့ ကျွန်တော်ကတော့ ယုံကြည်နေပါတယ်။ ယုံကြည်တဲ့အတိုင်းလည်း ဟန်ချက်ညီညီ ဆက်လျှောက်လှမ်းနေတယ်ဆိုတာ အသိပေးရင်း ကျွန်တော့်ရဲ့ စဉ်းစားခန်းကို အဆုံးသတ်လိုက်ပါပြီ ... သူငယ်ချင်း မိတ်ဆွေ အားလုံး ဘ၀ဆိုတဲ့ ကြိုးတန်းပေါ်မှာ ဟန်ချက်ညီညီနဲ့ အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ရည်ရွယ်လျှက် ... ။ ။


ခင်မင်လေးစားမှုများစွာဖြင့်

အိပ်မက်ရှင်

[ပုံလေးကို http://geronimo.typepad.fr မှ ရယူအသုံးပြုထားပါတယ်။ ]